ခလရ (၂၇၅) ထွက်ပြေးစစ်သားတွေ လက်နက်ဖြုတ်မှ ထိုင်းနိုင်ငံထဲ ဝင်ခွင့်ရမည်

မြဝတီမြို့စောင့်တပ် ခလရ - ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူလိုက်ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ဖရီး ပါထီဟာနုကွန်း (Parnpree Bahiddha - Nukara) က ထိုင်း-မြန်မာနယ်စပ်ကို ဧပြီလ ၁၂ ရက်ဒီနေ့ လာရောက်ခဲ့ပါတယ်။

မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) အနီးတွင် သတင်းထောက်များအား ပြန်လည်ဖြေကြားနေသော ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်။

Updated 6:12 PM Apr 12, 2024
 
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ခလရ (၂၇၅) ကနေ ထွက်ပြေးလာပြီး အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးမှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံထဲ ဝင်ခွင့်ရချင်တယ်ဆိုရင် လက်နက်ဖြုတ်သိမ်းပြီး ရိုးရိုးအရပ်သားတွေအဖြစ်နဲ့ပဲ ဝင်ခွင့်ပြုမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောလိုက်ပါတယ်။
 
မြဝတီမြို့က တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်လုံခြုံရေး ခြိမ်းခြောက်ခံနေရချိန်မှာ မြဝတီတစ်ဖက်ကမ်းက မဲဆောက်မြို့ကို ဧပြီလ ၁၂ ရက်နေ့မှာ အရေးပေါ် သွားရောက်စစ်ဆေး၊ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီလို ပြောလိုက်တာပါ။
 
“မြန်မာနယ်စပ်နားမှာရှိနေတဲ့ မြန်မာစစ်သားတွေ ထိုင်းပိုင်နက်ထဲ ဝင်ခွင့်ရဖို့ မတောင်းဆိုသေးပါဘူး။ ဝင်ခွင့်တောင်းမယ်ဆိုရင် သူတို့အရင်ဆုံး လက်နက်ဖြုတ်သိမ်းရပါမယ်။ ရိုးရိုးအရပ်သားတွေအဖြစ်နဲ့ပဲ ဝင်ခွင့်ပြုပါမယ်။ ကုလသမဂ္ဂရဲ့ ညွှန်ကြားချက်နဲ့ လူသားချင်းစာနာမှု အခြေခံမူအရ အန္တရာယ်ရှိတဲ့နေရာကို သူတို့ကို ပြန်မပို့ပါဘူး”
 
ထိုင်းနိုင်ငံရဲ့ စိုးရိမ်မှုက မြဝတီမှာ အမြန်ဆုံး ငြိမ်းချမ်းရေးပြန်ရစေချင်တာပဲဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။
 
“ထိုင်းနိုင်ငံရဲ့ အခြေခံစိုးရိမ်မှုက မြဝတီမှာ ငြိမ်းချမ်းရေး ပြန်ရတာကို မြင်ချင်တာပါ။ နယ်စပ်ကုန်သွယ်ရေးအကျိုးရလဒ်တစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံက အမျိုးမျိုးကွဲပြားနေတဲ့ အုပ်စုတွေ သူတို့ကိုယ်တိုင် စေ့စပ်ဆွေးနွေးနိုင်ကြမယ်ဆိုရင် ထိုင်းနိုင်ငံက ပျော်ရွှင်ပြီး ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက အတိတ်မှာ သိသိသာသာ အကျိုးဖြစ်ထွန်းခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နေပါပြီ။ နယ်စပ်ကုန်သွယ်ရေးက ရာခိုင်နှုန်းအတော်များများ ကျဆင်းနေပါပြီ။ ကိုဗစ်ကပ်ရောဂါကာလကတည်းက ကျဆင်းခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးကို ပိုပြီးထိခိုက်နေပါပြီ”

ငြိမ်းချမ်း‌ရေးရလာရင် မြဝတီမှာ နယ်စပ်ကုန်သွယ်ရေး ပြန်စလိမ့်မယ်လို့ သူယုံကြည်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသွားပါတယ်။
 
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို မမြင်ချင်ကြောင်း မြန်မာစစ်ကောင်စီထံ သတင်းစကားပါးပြီးပြီလို့လည်း သူက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး အာဆီယံအသင်းကနေ ကြေညာချက်ထုတ်တောင်းဆိုဖို့ အခု ဆွေးနွေးညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။
 
ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူအားလုံး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပါ။ ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်းပေးဖို့ ထိုင်းနိုင်ငံက အဆင်သင့်ရှိနေတယ်လို့ ဒီနေ့ မဲဆောက်မှာလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း ပြောဆိုသွားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့က မြို့စောင့်တပ်လို့ လူသိများတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၇၅) ကို ဧပြီလ ၁၁ ရက် မနက်စောစောမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ (PDF) ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူချိန် အရာရှိတွေ၊ အောက်ခြေစစ်သားတွေနဲ့ မိသားစုဝင်တွေအပါအဝင် စုစုပေါင်း လူနှစ်ရာခန့် တပ်ရင်းကနေ ထွက်ပြေးပြီး ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးအမှတ် (၂) တံတားအနီး မြန်မာဘက်ခြမ်းမှာ ယာယီပုန်းခိုနေတာပါ။

စစ်သားအားလုံး လက်နက်တွေ ကိုင်ထားဆဲဖြစ်ပြီး ကတုတ်ကျင်းတွေတူးထားပြီး အသင့်အနေအထားနဲ့ နေရာယူထားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဧပြီလ ၁၂ ရက် ညနေပိုင်းက ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org