ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့သမီး ပေထုန်တန်ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) ကို ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ဒီနေ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
-
RFA Burmese
2024-08-16 -
-
-
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့သမီး ပေထုန်တန်ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) ကို ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ဒီနေ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် အသက် ၃၇ နှစ်အရွယ် ပေထုန်တန်ရှင်နာဝပ်ထရာဟာ ထိုင်းနိုင်ငံရဲ့ ၃၁ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာမှာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို သြဂုတ် ၁၆ ရက် မနက်က ထိုင်းလွှတ်တော်မှာ ပြုလုပ်ခဲ့ရာမှာ ပေထုန်တန်ရှင်နာဝပ်ထရာက ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက် ၁၄၅ မဲ၊ ကြားနေ ၂၇ မဲနဲ့ အနိုင်ရရှိခဲ့တာပါ။ သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဟာ ဖွေထိုင်းပါတီ (Pheu Thai Party) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဒုတိယမြောက် အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာမှာဖြစ်ပါတယ်။ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ကတော့ သူ့ရဲ့အဒေါ်ဖြစ်သူ ယင်းလတ် ရှင်နာဝတ်ထရာ (Yingluck Shinawatra) ဖြစ်ပြီး ဖွေထိုင်းပါတီကနေပဲ ကိုယ်စားပြုပြီး ရွေးချယ်ခံရတာပါ။
ထိုင်းဝန်ကြီးချုပ် စရက်ထာ ထဝီဆင် (Srettha Thavisin) ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်ဖျက်တယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဩဂုတ်လ ၁၄ ရက်နေ့မှာ ဆုံးဖြတ်ပြီး ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ အဲဒီနောက် အာဏာရ ဖွေထိုင်းပါတီက သက်ဆင်ရဲ့ သမီးကို ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
အသက် ၆၇ နှစ်အရွယ် စရက်ထာ ထဝီဆင်ဟာ ဝန်ကြီးချုပ်တာဝန်ယူတာ သက်တမ်းတစ်နှစ်မပြည့်မီ ရာထူးကနေ ဖယ်ရှားခံရတာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရခဲ့တဲ့ Move Forward ပါတီကို ဒီတရားရုံးကပဲ ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင်တွေကိုလည်း နိုင်ငံရေးလှုပ်ရှားခွင့် ဆယ်နှစ်ကြာ ပိတ်ပင်ခဲ့ပါတယ်။