BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်း စီစဉ်

ကရင်နယ်ခြားစောင့်တပ်မှူး စောချစ်သူအပါအဝင် ခေါင်းဆောင်သုံးဦးကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စီစဉ်ဆောင်ရွက်နေကြောင်း The Nation သတင်းဌာနက ဖော်ပြပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူအား တွေ့ရစဉ်။ (ယခင်ပုံဟောင်း) Myanmar Peace Monitor

Updated 7:50 PM Feb 11, 2025

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း တည်ထောင်လုပ်ကိုင်နေတဲ့ ကရင်နယ်ခြားစောင့်တပ်မှူး စောချစ်သူအပါအဝင် ခေါင်းဆောင်သုံးဦးကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စီစဉ်ဆောင်ရွက်နေကြောင်း ထိုင်းအခြေစိုက် The Nation သတင်းဌာနက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖော်ပြပါတယ်။

ထိုင်းတရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ DSI က လူကုန်ကူးမှုဆိုင်ရာ အထောက်အထားတွေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အစိုးရရှေ့နေထံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အခြေခံပြီး ဖမ်းဝရမ်းထုတ်ဖို့ ဆောင်ရွက်နေတာလို့ DSI လက်ထောက်ညွှန်ကြားရေးမှူးချုပ် Surawuth Rangsai က ပြောပါတယ်။

"ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ဖို့အတွက် အသုံးဝင်တဲ့ အကြံတွေ ကျွန်တော်တို့ကိုပေးပါတယ်၊ အချိန်တော့ ယူရပါမယ်"

အသေးစိတ်အချက်အလက်ကိုတော့ DSI လက်ထောက်ညွှန်ကြားရေးမှူးချုပ်က ပြောဆိုတာမရှိပေမဲ့ တခြားသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေဖြစ်တယ်လို့ ပြောပါတယ်။

DSI တာဝန်ရှိသူတွေဟာ ရှေ့နေချုပ်နဲ့ တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့တာလို့ RFA က စုံစမ်းသိရှိရပါတယ်။

လူကုန်ကူးခံရပြီး ဖုန်းခေါ်ဆို လိမ်လည်လုပ်ငန်း (Call Center Gang) မှာ အတင်းအကျပ် အလုပ်ခိုင်းစေခံရတဲ့ အိန္ဒိယနိုင်ငံသားကို ကယ်တင်ခဲ့တဲ့နောက် တွေ့ရှိခဲ့ရတဲ့ သက်သေအထောက်အထားတွေကို တင်ပြမှာဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

ဖမ်းဝရမ်းထုတ်မဲ့ BGF ခေါင်းဆောင်တွေထဲမှာ ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ၊ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ လူကုန်ကူးမှုတွေမှာ BGF ခေါင်းဆောင်တွေ လုံးဝပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုပါတယ်။ DSI က အခုလိုစီစဉ်နေတာနဲ့ပတ်သက်လို့ သူတို့ကို ဆက်သွယ်အကြောင်းကြားလာတာ မရှိသေးဘူးလို့လည်း RFA ကို ပြောပါတယ်။

(မှတ်ချက်။ ။ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးတာဝန်ခံနှင့် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန DSI လက်ထောက်ညွှန်ကြားရေးမှူးချုပ် Surawuth Rangsai တို့၏ တုံ့ပြန်ချက်ကို ဖြည့်စွက်ဖော်ပြထားပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org