မြန်မာမှာ လူကုန်ကူးခံရသူတွေကိုကယ်တင်ရေး ထိုင်းရဲတပ်ဖွဲ့ ကြိုးပမ်း

မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရသူ ၁၁၀ ခန့်ကိုကယ်တင်ရာမှာ ကူညီဖို့အတွက် ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲဌာန (ATPD) က စတင်ဆောင်ရွက်နေပြီလို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် အဆောက်အအုံများကို တွေ့ရစဥ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရသူ ၁၁၀ ခန့်ကိုကယ်တင်ရာမှာ ကူညီဖို့အတွက် ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲဌာန (ATPD) က စတင်ဆောင်ရွက်နေပြီလို့ ဘန်ကောက်ပို့စ်က အောက်တိုဘာ ၃၀ ရက် ဒီနေ့ သတင်းမှာ ဖော်ပြပါတယ်။

ရဲဌာန (ATPD) အကြီးအကဲဖြစ်သူ ဆာရု ခွမ်ဆိုဖား (Sarut Kwaengsopha) က ဌာနအနေနဲ့ လူကုန်ကူးခံရသူတွေကို ကယ်တင်ရေး နည်းလမ်းရှာဖို့အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာထားရှိတဲ့ ရဲဝန်ထမ်းတွေနဲ့ နယ်စပ်မြို့ကော်မတီ ဥက္ကဋ္ဌတို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

လူကုန်ကူးခံရပြီး ကရင်ပြည်နယ်မှာ တရုတ် ဒုစရိုက်ဂိုဏ်းက အဓမ္မခိုင်းစေနေတဲ့ လူတစ်ရာကျော် အမြန်ပြန်လွတ်အောင် ကူညီပေးဖို့ ထိုင်းအစိုးရကို အရပ်ဘက်အဖွဲ့တစ်ဖွဲ့က တိုက်တွန်းလိုက်ပြီးနောက် ထိုင်းအာဏာပိုင်တွေဘက်က အခုလို တုံ့ပြန်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

လူကုန်ကူးခံရသူများ ထောက်ပံ့ကူညီရေး အရပ်ဘက်လူမှုအဖွဲ့အစည်း (Civil Society Network for Victim Assistance in Human Trafficking) က ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ဆီကို အောက်တိုဘာ ၂၄ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ပြီး မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရသူတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တာပါ။

အဲဒီအဖွဲ့ဟာ လာအိုနိုင်ငံက လူ ၁၉ ဦး အပါအဝင် နိုင်ငံကိုးနိုင်ငံက လူအယောက် ၁၁ဝ ဟာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ နယ်ခြားစောင့်တပ် BGF တို့ ထိန်းချုပ်တဲ့ဒေသမှာ ပိတ်မိနေကြောင်း RFA ကိုပါ ပူးတွဲ မိတ္တူပေးပို့တဲ့ပေးစာမှာ ဖော်ပြထားပါတယ်။

အခုနှစ် ဇူလိုင်လကလည်း မြန်မာနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး မြဝတီကို လူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ကယ်တင်ရာမှာ ထိုင်းရဲတွေက အကူအညီ ပေးခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org