ထိုင်းက ဆေးခြောက်မသွင်းဖို့ ခရီးသည်တွေကို ဗြိတိန် သတိပေး

ထိုင်းနိုင်ငံကနေ ဆေးခြောက်တွေ သယ်ဆောင်မလာဖို့ ခရီးသည်တွေကို ဗြိတိန်တာဝန်ရှိသူတွေက သတိပေးလိုက်တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆိုင်တစ်ခုတွင် ဆေးခြောက်ရောင်းချနေသည်ကို ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။ REUTERS

မြန်မာ-ထိုင်း-လာအို သုံးပွင့်ဆိုင်ရွှေတြိဂံဒေသမှာ ပါဝင်တဲ့ ထိုင်းနိုင်ငံကနေ ဆေးခြောက်တွေ သယ်ဆောင်မလာဖို့ ခရီးသည်တွေကို ဗြိတိန်တာဝန်ရှိသူတွေက သတိပေးလိုက်တယ်လို့ AFP သတင်းက သြဂုတ် ၂၉ ရက်က ဖော်ပြပါတယ်။

ဒီနှစ်ထဲ ဆေးခြောက် ၁၅ တန်ဖမ်းဆီးမိပြီး မှောင်ခိုသွင်းလာတဲ့ လူ ၃၈ဝ နီးပါးကို ဖမ်းဆီးမိတဲ့အကြောင်းနဲ့ လူ ၁၈ဝ ကျော် ထိုင်းကဖြစ်နေတဲ့အကြောင်း အမျိုးသားမှုခင်းအဖွဲ့ NCA က ပြောကြားပြီးတဲ့နောက် သတိပေးတာပါ။

မနှစ်ကတော့ ဆေးခြောက် ၅ တန်နဲ့ လူ ၁၃ဝ ကျော် ဖမ်းဆီးခဲ့ပါတယ်။

ခရီးဆောင်သေတ္တာတွေထဲ ဆေးခြောက်တွေထည့်ပြီး မှောင်ခိုသွင်းလာတဲ့ လူတွေကို NCA က ရှာဖွေနေတယ်လို့လည်း ဘန်ကောက်မှာရှိတဲ့ ဗြိတိန်သံရုံးက လူမှုကွန်ရက်မှာ သြဂုတ် ၂၈ ရက်နေ့က သတိပေးပါတယ်။

ထိုင်းမှာ ၂ဝ၂၂ ခုနှစ်ကစလို့ ဆေးခြောက် တရားဝင်သုံးခွင့်ပေးထားပြီး ဆေးဆိုင်တွေမှာလည်း ရောင်းချခွင့်ရှိပေမဲ့ ဗြိတိန်မှာ ဆေးခြောက်က တရားမဝင်ဘဲ မှောင်ခိုသွင်းလာရင် ထောင်ဒဏ် ၁၄ နှစ်ထိ အပြစ်ပေးပါတယ်။

ဒီလအစောပိုင်းမှာ သေတ္တာ ၂၈ လုံးထဲကနေ ဆေးခြောက် ကီလို ၅၁ဝ တွေ့ပြီးနောက် ထိုင်းကလာတဲ့ ခရီးသည် ၁၁ ယောက်ကို ဘာမင်ဟန်လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org