ဖွဲစည်းပုံ ဥပဒေဖောက်ဖျက်မှုနဲ့ ထိုင်းဝန်ကြီးချုပ်ကို ရာထူးကဖယ်ရှား

ထိုင်းဝန်ကြီးချုပ် စရက်ထာ ထဝီဆင်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်ဖျက်တယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ပြီးနောက် သူ့ကိုရာထူးက ဖယ်ရှားလိုက်ပါတယ်။

ရာထူးမှ ဖယ်ရှားခံရပြီးနောင် ထိုင်းဝန်ကြီးချုပ်ဟောင်း စရက်ထာ ထဝီဆင် (Srettha Thavisin) အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ AFP

ထိုင်းဝန်ကြီးချုပ် စရက်ထာ ထဝီဆင် (Srettha Thavisin) ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်ဖျက်တယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဩဂုတ်လ ၁၄ ရက်နေ့မှာ ဆုံးဖြတ်ပြီးနောက် သူ့ကိုရာထူးက ဖယ်ရှားလိုက်ပါတယ်။

အကျဉ်းကျခဲ့ဖူးတဲ့ ရှေ့နေကို အစိုးရအဖွဲ့မှာ ခန့်အပ်ခဲ့မှုနဲ့ တရားသူကြီး ကိုးဦးထဲက ငါးဦးက ကိုယ်ကျင့်တရားကင်းမဲ့သူကို ခန့်အပ်ထားတယ်လို့ မဲပေးဆုံးဖြတ်ခဲ့တာလို့ CNN က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရခဲ့တဲ့ Move Forward ပါတီကို ဒီတရားရုံးကပဲ ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင်တွေကိုလည်း နိုင်ငံရေးလှုပ်ရှားခွင့် ဆယ်နှစ်ကြာ ပိတ်ပင်ခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာမှာ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

အစိုးရအသစ် ဖွဲ့စည်းရမှာဖြစ်ပြီး လက်ရှိအာဏာရ ဖွေထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရက ဝန်ကြီးချုပ်သစ် ကိုယ်စားလှယ်လောင်း အသစ်တစ်ဦးကို အမည်စာရင်း တင်သွင်းရပါမယ်။။
လာမဲ့ သောကြာနေ့ ပါလီမန်မှာ ဝန်ကြီးချုပ်သစ် မဲခွဲဆုံးဖြတ်မယ်လို့ Srettha ရဲ့ ဦးစီးအရာရှိချုပ်က ပြောကြောင်း ရိုက်တာသတင်းက ရေးသားပါတယ်။

Srettha Thavisin ဟာ ဝန်ကြီးချုပ်တာဝန်ယူတာ သက်တမ်းတစ်နှစ်မပြည့်မီ အာဏာလက်လွှတ်ခဲ့ရတာပါ။
တရားရုံးက ဆုံးဖြတ်ချက်ချပြီးနောက် သတင်းထောက်တွေကို စရက်ထာက ဝန်ကြီးချုပ်တာဝန်ကို အတတ်နိုင်ဆုံး ထမ်းဆောင်ခဲ့ပြီး “စီရင်ချက်ကို လက်ခံတယ်” လို့ ပြောခဲ့ပါတယ်။

လာမဲ့အစိုးရသစ်က သူ့ရဲ့မူဝါဒတွေကို ဆက်လုပ်မလား၊ မလုပ်ဘူးလားဆိုတာ မသေချာဘူးလို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org