မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်

ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖော်ပြပါတယ်။

တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှေ့တွင် စစ်ဆေးမှုများ ပြုလုပ်ရန် စောင့်ဆိုင်းနေသည့် လောင်စာဆီကားများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။ Lillian SUWANRUMPHA / AFP

ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖော်ပြပါတယ်။

အိမ်နီးချင်းနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒအရ အခုလိုရပ်ဆိုင်းဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ နယ်စပ်ဂိတ်ငါးခုက လောင်စာဆီတင်ပို့မှုကို တားမြစ်ဖို့အတွက် တရားဝင်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့အတွက် NSC က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

OR က မြန်မာနိုင်ငံကို တစ်လ လောင်စာဆီ လီတာ ၁၅ သန်းကနေ သန်း ၂၀ အထိ တင်ပို့နေတယ်လို့ ဖော်ပြပါတယ်။ ဒီလောင်စာဆီတွေကို မြ၀တီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းမြို့တွေကို ရောင်းချပေးနေတာလို့ ဆိုပါတယ်။

OR ရဲ့ လောင်စာဆီတွေကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) အနီး နယ်စပ်ဂိတ်ကတစ်ဆင့် တင်ပို့နေတာလို့ ဖော်ပြပါတယ်။

NSC က မြန်မာနယ်စပ်ကို လောင်စာဆီဖြတ်တောက်မဲ့ ဆုံးဖြတ်ချက်မချမီ ထွက်ခွာသွားတဲ့ လောင်စာဆီကားတွေဟာ လက်ရှိ မဲဆောက်နယ်စပ်ဂိတ်မှာ ဖြတ်သန်းခွင့်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခြေအနေကို စောင့်ကြည့်နေပြီး နယ်စပ်ဂိတ်က ထွက်ခွာခွင့်မရရင် ဖောက်သည်တွေကို ချက်ချင်း အကြောင်းကြားသွားမယ်လို့ OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org