ချင်းမိုင်ရောက် မြန်မာအလုပ်သမားတွေ ကိုဗစ်ကူးစက်ခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် ထိုင်းနိုင်ငံသားတွေမှာပါ Covid 19 ရောဂါ ကူးစက်မှု များလာတာကြောင့် ချင်းမိုင်မြို့က ဈေးတွေ နဲ့ စက်ရုံအလုပ်ရုံတချို့ကို ပိတ်ထားကြောင်း သိရပါတယ်။

ချင်းမိုင်မြို့က ဈေးတစ်ခုမှ ဈေးရောင်းချနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့ကို အောက်တိုဘာလ အစောပိုင်းက တွေ့ရစဉ်။ Photo: RFA

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် ထိုင်းနိုင်ငံသားတွေမှာပါ Covid 19 ရောဂါ ကူးစက်မှု များလာတာကြောင့် ချင်းမိုင်မြို့က ဈေးတွေ နဲ့ စက်ရုံအလုပ်ရုံတချို့ကို ပိတ်ထားကြောင်း သိရပါတယ်။

ချင်းမိုင်မြို့က သလတ်မွန်းမိုင်ဈေးကြီးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၆၀၀ ကျော်ရှိနေပြီး အခုရက်ပိုင်းအတွင်း ဈေးကို လာရောက်သူတွေအနေနဲ့ ကိုဗစ်ရောဂါပိုး စစ်ဆေးဖို့နဲ့ ၁၄ ရက် ကွာရန်တင်းဝင်ကြဖို့ ချင်းမိုင် ကပ်ရောဂါ ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ တနေ့တည်းမှာတင် ချင်းမိုင်မြို့နယ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူလူနာသစ် ၂၇၉ ဦးရှိတယ်လို့ ဆိုပါတယ်။

အဲဒီဈေးကြီးအပြင် အခြားဈေးတွေ နဲ့ စက်ရုံတချို့ကို အောက်တိုဘာ ၉ ရက်ကနေ ၂၂ ရက်နေ့အထိ သီတင်းနှစ်ပတ်ကြာ ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခု ကူးစက်ခံရသူတွေထဲမှာ မြန်မာအလုပ်သမားတွေလည်း ပါဝင်နေကြောင်း နဲ့ ထိုင်းအစိုးရက သတင်း မထုတ်ပြန်တဲ့အတွက် အတိအကျမသိရကြောင်း ချင်းမိုင်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ MAP Foundation က ပြောခွင့်ရသူ နန်းလှယုန်က ပြောပါတယ်။

“အခုက သလတ်မိန်းမိုင်ဈေးတွေ ပိတ်ထားတယ်။ တခြားစက်ရုံ ဥပမာ အသားလုံးလုပ်တဲ့စက်ရုံတွေ ပိတ်ထားတယ်။ ပြီးတော့ ရေ သောက်ရေသန့်ထုတ်တဲ့ စက်ရုံတွေ ပိတ်ထားတယ်။ ဈေးရောင်းနေတဲ့ မိသားစုတစ်စုကို စပြီးတော့ စစ်ကြည့်တယ်။ စစ်လို့ တွေ့သွားလို့ သူတို့နဲ့အနီးတဝိုက်မှာရှိတဲ့ လူတွေကို စစ်ရင်းနဲ့ တွေ့သွားတာ။ စုစုပေါင်း ၆၀၀ ကျော်ပြီ”

မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့အတွက် ဘယ်မှာသွားထိုးရမှန်း မသိတာတွေကြောင့် အခက်အခဲဖြစ်နေသလို အထောက်အထားတွေ မရှိတာတွေကြောင့်လည်း ကာကွယ်ဆေး မထိုးနိုင်ကြသေးဘူးလို့လည်း နန်းလှယုန်က ပြောပါတယ်။

ချင်းမိုင်မြို့ဟာ နေ့စဉ် ပိုးတွေ့ရှိသူ ပိုများလာတာကြောင့် အခုဆိုရင် ချင်းမိုင်မြို့က ကိုဗစ်ပိုးတွေ့သူတွေကို ကုသတဲ့ လူနာ ၁၀၀၀၀ ဆန့်တဲ့ ယာယီဆေးရုံမှာလည်း နေရာ ၇.၉ ရာခိုင်နှုန်းလောက်ပဲ နေရာကျန်တော့တယ်လို့ သူက ဆိုပါတယ်။အောက်တိုဘာလ ၁၅ ရက်နေ့တရက်ထဲ ချင်းမိုင်မြို့နယ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ လူနာသစ် ၂၇၉ ဦးရှိပါတယ်။ ချင်းမိုင်မှာ လက်ရှိအချိန်ထိ ကိုဗစ်ကူးစက်ခံရသူလူနာပေါင်း ၁၁၀၇၆ ဦးရှိပြီး သေဆုံးသူ ၄၃ ဦး ရှိပါတယ်။

ထိုင်းအစိုးရက ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ချင်းမိုင်မြို့ကို နိုဝင်ဘာလမှာ ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ကိုဗစ်ကူးစက်မှု အန္တရာယ် အနည်းဆုံး ၁၀ နိုင်ငံက ကာကွယ်ဆေးထိုးပြီးသူတွေကို ကွာရန်တင်း ဝင်စရာမလိုဘဲ ထိုင်းနိုင်ငံ ထဲကို ဝင်ရောက် လည်ပတ်ခွင့်ပြုတော့မယ်လို့ အောက်တိုဘာလ ၁၁ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ချင်းမိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ပကျွန် ပရစကူ(Prajon Pratsakul )ကလည်း ချင်းမိုင်မြို့နယ်ထဲမှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာခဲ့ပေမဲ့ အခု ရောဂါထိန်းချုပ်နိုင်ပြီး ၆၀ ရာခိုင်နှုန်းကလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီဖြစ်လို့ လာမဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ခရီးသွားလာခွင့် ပြန်ဖွင့်နိုင်မှာ ဖြစ်ပါတယ်လို့ ဘန်ကောက်ပိုစ့် သတင်းမှာ ပြောထားပါတယ်။ ထိုင်းတစ်နိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာပေါင်း ၁၇၃၃၃၂၇ ဦး ရှိပြီး သေဆုံးသူစုစုပေါင်း ၁၈၁၂၃ ဦး ရှိတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org