ရွှေကုက္ကိုမြို့သစ်အနီး တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်ထောင်ကျော် ထိုင်းဘက်ထွက်ပြေး

ဒီဒုက္ခသည်တွေအတွက် အမိုးအကာ၊ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်တို့ လိုအပ်နေတာကြောင့် အရေးပေါ်အကူအညီတွေ ပေးကြဖို့လည်း သူက တိုက်တွန်းပါတယ်။

၂ဝ၂၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီး တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးလာကြသူများ။ ACC

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီး ဧပြီလ ၅ ရက်နေ့က တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးနေရတဲ့ ဒေသခံ နှစ်ထောင်ကျော် ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

သောင်ရင်းမြစ်ကို ကူးပြီး ထိုင်းဘက်က ရာဘာခြံ၊ ကုန်လှောင်ရုံ၊ ပြောင်းခင်းတွေထဲမှာ ခိုလှုံနေကြတယ်လို့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ စာရင်းအချက်အလက်ပြုစုနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများသမဂ္ဂအဖွဲ့ချုပ်က တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ပြောပါတယ်။

“လောလောဆယ် ရွှေကုက္ကိုနဲ့ ကပ်ရပ်အခြမ်းပေါ့နော်။ ရာဘာခြံတို့၊ ပြောင်းခင်းတို့ အဲ့မှာ တချို့တစ်ဝက်ရှိတယ်။ နောက်ပြီးတော့ ကုန်လှောင်ရုံလို နေရာမျိုးတွေမှာ နေနေကြတယ်။ ထိုင်းဘက်ခြမ်းမှာ”

ကရင်နယ်ခြားစောင့်တပ် (BGF) ကင်းစခန်းနှစ်ခုကို ဧပြီ ၅ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။

ထိုင်းဘက်ခြမ်းက ရာဘာခြံတစ်ခြံမှာတော့ ဒုက္ခသည်ငါးရာလောက် ရှိနေတယ်လို့ အကူအညီပေးနေတဲ့ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC)က ကိုရဲမင်းက ပြောပါတယ်။

“သောင်ရင်းချောင်းဘေးက ထိုင်းဘက်ခြမ်းမှာ ထိုင်းရွာသူကြီးတစ်ယောက်ပိုင်တဲ့ ရာဘာခြံထဲမှာ စစ်ဘေးရှောင်တွေကို ယာယီထားထားတယ်။ ထိုင်းစစ်တပ်က လုံခြုံရေးပေးထားတယ်။ ကျွန်တော်တို့ သွားကူညီတဲ့သူတွေ ဝင်ခွင့်မရဘူး။ ဒါပေမဲ့ ထိုင်းစစ်တပ်က ပစ္စည်းတွေကို လက်ခံယူပေးပြီး စစ်ဘေးရှောင်တွေကို သွားပို့ပေးတယ်။ ထိုင်းဘက်ကလည်း လိုအပ်တာတွေ ကူညီပေးတယ်လို့ ကြားတယ်။ အဓိကကတော့ ရေနဲ့ အစားအစာပေါ့။ ဒါ ဒီည(ဧပြီ ၅ရက်)အထိ အခြေအနေပါ”

Photo: ACC

ဒီဒုက္ခသည်တွေအတွက် အမိုးအကာ၊ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်တို့ လိုအပ်နေတာကြောင့် အရေးပေါ်အကူအညီတွေ ပေးကြဖို့လည်း သူက တိုက်တွန်းပါတယ်။ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဦးမယ့်အခြေအနေရှိတာကြောင့် ဒုက္ခသည်ဦးရေ တိုးလာနိုင်ဖွယ်ရှိတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

KNLA ပူးပေါင်းတပ်တွေဟာ ဧပြီ ၅ရက် မနက်အစောပိုင်းက ကရင်နယ်ခြားစောင့်တပ် BGF နဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းတပ်စွဲထားတဲ့ ကင်းစခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရွှေကုက္ကိုမြို့သစ်စီမံကိန်း လောင်းကစားရုံ အိမ်ယာတွေ၊ လူနေရပ်ကွက်တွေနဲ့ ရွှေကုက္ကို ကရင်နှစ်သစ်ကူးကွင်းတို့မှာ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေမှာ နယ်ခြားစောင့်တပ်ဘက်က အရာရှိအပါအဝင် ထိခိုက်သေဆုံးသူတွေ ရှိနေသလို၊ KNLA ပူးပေါင်းတပ်တွေဘက်ကလည်း နှစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆေးဝါးအကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်လို့ ကရင်နယ်ခြားစောင့်တပ် BGF အတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောချစ်သူဆီ တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ ကာစီနိုလောင်းကစားရုံတွေက တရုတ်နိုင်ငံသားတချို့အပါအဝင် နိုင်ငံခြားသားတွေလည်း ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org