ရှင်နာဝပ်မျိုးဆက်ရဲ့ တတိယမြောက် ဝန်ကြီးချုပ် အစိုးရဖွဲ့နိုင်တော့မည်
ပါလီမန်က သူ့ကိုရွေးချယ်လိုက်ပြီး နှစ်ရက်အကြာမှာ အတည်ပြုတာဖြစ်ပြီး လာမယ့် သီတင်းပတ်တွေအတွင်း အစိုးရဖွဲ့နိုင်ပါတော့မယ်။
-
RFA Burmese
2024-08-18 -
-
-
ထိုင်းဝန်ကြီးချုပ်ဟောင်း ကုဋ္ဋေကြွယ်သူဌေး သက်ဆင်ရဲ့ သမီး အသက် ၃၇ နှစ်ရွယ် ပေထုန်တန် ရှင်နာဝပ်ကို ထိုင်းဘုရင်က ဝန်ကြီးချုပ်သစ်အဖြစ် သြဂုတ် ၁၈ ရက်မှာ အတည်ပြုပေးလိုက်ပြီလို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။
ပါလီမန်က သူ့ကိုရွေးချယ်လိုက်ပြီး နှစ်ရက်အကြာမှာ အတည်ပြုတာဖြစ်ပြီး လာမယ့် သီတင်းပတ်တွေအတွင်း အစိုးရဖွဲ့နိုင်ပါတော့မယ်။
အစိုးရဖွဲ့ဖို့ ထိုင်းဘုရင်ရဲ့ တရားဝင်အမိန့်စာကို လက်ခံရရှိတယ်လို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လိုလားတဲ့ ရုပ်မြင်သံကြားက ကြေညာသွားတဲ့ အကြောင်းလည်း AFP သတင်းက ဖော်ပြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဝန်ကြီးချုပ်ဟောင်း ဆရက်ထာ ထဝီဆင်ကို ရာထူးက ဖယ်ရှားလိုက်ပြီးနောက် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာတာပါ။
သူဟာ ရှင်နာဝပ်မျိုးဆက်ရဲ့ တတိယမြောက် ဝန်ကြီးချုပ်လို့ AFP ကဖော်ပြပေမဲ့ သူ့အဖေနဲ့ အဒေါ်ယင်လပ်တို့ရဲ့ ကံကြမ္မာမျိုးကို ရှောင်လွှဲနိုင်မယ်လို့ မျှော်လင့်ရကြောင်းရေးထားပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်လို့ အဖေရော အဒေါ်ပါ ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံခဲ့ရတာပါ။
Covid-19 ကပ်ရောဂါကြောင့် ကျဆင်းရတဲ့ စီးပွားရေးနာလန်ပြန်ထူအောင် ကြိုးစားရုန်းကန်နေရတဲ့ နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်ရေးမှာ အတူတကွဆောင်ရွက်ကြပါလို့ ထိုင်းပြည်သူအားလုံးကို သူက တိုက်တွန်းလိုက်ပါတယ်။