သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သူတွေအတွက် ထိုင်းဝန်ကြီးချုပ်တောင်းပန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Siam Paragon ဈေးဝယ်စင်တာ သေနတ်ပစ်ခတ်မှုမှာ သေဆုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ တောင်းပန်ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောလိုက်ပါတယ်။

သေဆုံးသွားတဲ့ မမိုးမြင့် နာရေးကိစ္စ ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီး Ms. Sudawan Wangsupakitkosol နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Jakkapong Sangmanee တို့ ထိုင်းနိုင်ငံ စစ်ကောင်စီ သံရုံးကို လာရောက်တွေ့ဆုံစဉ်။ Myanmar Military

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Siam Paragon ဈေးဝယ်စင်တာ သေနတ်ပစ်ခတ်မှုမှာ သေဆုံးသွားသူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ တောင်းပန်ကြောင်း
ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောလိုက်ပါတယ်။

သေနတ်ပစ်ခတ်ခံရလို့ သေဆုံးသွားသူတွေအတွက် တောင်းပန်ကြောင်း ထိုင်းဝန်ကြီးချုပ်က Siam Paragon ဈေးဝယ်စင်တာမှာ အောက်တိုဘာ ၄ ရက်နေ့က ပြောခဲ့တာလို့ AFP သတင်းက ဖော်ပြပါတယ်။

"တရုတ်သံရုံးကို ဖုန်းဆက်ပြီး သေဆုံးသွားသူအတွက် တောင်းပန်ကြောင်း ပြောဆိုထားပြီး ဆောင်ရွက်ဖို့ လိုအပ်တာတွေကို ကူညီပေးသွားမယ်လို့ ပြောထားပါတယ်"

Siam Paragon ဈေးဝယ်စင်တာ သေနတ်ပစ်ခတ်မှုမှာ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား မမိုးမြင့်နဲ့ တရုတ်နိုင်ငံသား တစ်ဦး သေဆုံးသွားခဲ့တာပါ။ အဲလို ပစ်ခတ်တာတွေ ထပ်မဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေက သေဆုံးသွားတဲ့ မြန်မာနိုင်ငံသားအတွက် ဝမ်းနည်းကြောင်းနဲ့ နာရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ် ဦးချစ်ဆွေထံကို အကြောင်းကြားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားသူနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အခြေအနေ အသေးစိတ်ကို မေးမြန်းဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့ သံရုံးကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

ထိုင်းအစိုးရအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမှာဖြစ်ကြောင်းနဲ့ သူတို့မိသားစုဝင်တွေ ထိုင်းနိုင်ငံမှာ ခရီးသွားလာရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက်လည်း ကူညီသွားမယ်လို့ ထိုင်းနိုင်ငံခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဝန်ကြီး Ms. Sudawan Wangsupakitkosol က အောက်တိုဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

အောက်တိုဘာ ၃ ရက်နေ့က ဘန်ကောက်မြို့က Siam Paragon စျေးဝယ်စင်တာသေနတ်ပစ်ခတ်မှုမှာ နှစ်ဦးသေဆုံးခဲ့တဲ့အပြင် ငါးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။

အဲဒီပစ်ခတ်မှုမှာ သံသယရှိတဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသားကိုလည်း နာရီပိုင်းအတွင်းဖမ်းမိခဲ့ကြောင်းနဲ့ သူဟာ စိတ်ရောဂါခံစားနေရသူဖြစ်နိုင်ကြောင်း ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာ ထိုင်းရဲတပ်ဖွဲ့က သတင်းမီဒီယာတွေကို ပြောထားပါတယ်။

ဖမ်းဆီးထားတဲ့ လူငယ်ကို လူသတ်မှုအပါအဝင် အမှု ၅ မှုနဲ့ အမှုဖွင့်ထားပြီး နောက်ထပ် အမှုတွေ ထပ်တိုးလို့ ရနိုင်မလားဆိုတာကို သုံးသပ်နေတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org