ထိုင်းမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာတွေဆီက ကျည်ဆန် သုံးထောင်နီးပါး သိမ်းဆည်းရမိ

တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ကိုးယောက်ဆီကနေ ကျည်ဆန် သုံးထောင်နီးပါးကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ Piyarach Chongcharoen

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ကိုးယောက်ဆီကနေ ကျည်ဆန် သုံးထောင်နီးပါးကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့ညက ကန်ချနာဘူရီခရိုင်၊ မွေမြို့နယ်အတွင်း ရဲတပ်ဖွဲ့ ကင်းလှည့်ချိန် မသင်္ကာဖွယ်ရာ လူတစ်စုကို တွေ့တာကြောင့် စစ်ဆေးတဲ့အခါမှာ အထောက်အထားမရှိဘဲ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို ရဲစခန်းကို ခေါ်ဆောင် စစ်ဆေးအပြီး သူတို့နေထိုင်ခဲ့ရာ အိမ်ကို သွားရောက်ရှာဖွေချိန်မှာ ကျည်ဆန် ၂၇၅ဝ ကို ထည့်ထားတဲ့ ကတ်ထူစက္ကူပုံး လေးလုံးကို တွေ့ခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးထားသူ ကိုးဦးထဲက တစ်ဦးကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံထဲ ဝင်ရောက်နိုင်အောင် ကူညီပေးမှု၊ လက်နက်ခဲယမ်းတွေ လက်ဝယ်ထားရှိမှု စတဲ့ အမှုတွေနဲ့ အရေးယူထားပြီး ကျန်တဲ့သူတွေကိုတော့ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org