မြိုင်မြို့နယ် လက်ယက်ရွာမှာ မီးကျွမ်းနေတဲ့ အလောင်းသုံးလောင်းတွေ့

2022.01.16
မြိုင်မြို့နယ် လက်ယက်ရွာမှာ မီးကျွမ်းနေတဲ့ အလောင်းသုံးလောင်းတွေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာက အိမ်တချို့ ဖျက်ဆီးခံထားရတာကို ၂၀၂၂ ဇန်နဝါရီ ၁၄ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ရွှေဓားဗိုလ်အဖွဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်က လက်ယက်မရွာမှာ ဇန်နဝါရီ ၁၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် သုံးရက်အကြာမှာ မီးကျွမ်းနေတဲ့ ရုပ်အလောင်း သုံးလောင်းကို တွေ့ရတယ်လို့ မြိုင် PDF အဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါ မခွဲခြားနိုင်သေးသလို ဘယ်လိုပုံစံနဲ့ သေဆုံးခဲ့ရတယ် ဆိုတာကိုလည်း အတည်မပြုနိုင်သေးဘူးလို့ မြိုင် PDF က တာဝန်ရှိ သူတစ်ယောက်က ပြောပါတယ်။

"ကျွန်တော်တို့နဲ့ ပထမက လက်ယက်မအရှေ့ဘက်မှာ (ဇန်နဝါရီ ၁၁ ရက်နေ့က) တိုက်ပွဲ ဖြစ်တယ်။ ပြီးတော့ သူတို့ရွာထဲကို ဝင်တယ်။ ရွာသူရွာသားတွေလည်း ရှောင်တယ်။ ကျန်ခဲ့တဲ့ ပြည်သူတွေလည်း ရှိတာပေါ့။ ကျန်ခဲ့တဲ့ ပြည်သူတွေထဲက သတ်ခံလိုက်ရတာ"

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ယက်မရွာကို ဇန်နဝါရီ ၁၁ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်တပ်စွဲခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်မှာ ရွာကနေ ပြန်ထွက်သွားခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ထွက်သွားပြီးတဲ့နောက် မီးကျွမ်းနေတဲ့ ရုပ်အလောင်း သုံးလောင်းနဲ့ အရေအတွက် အတည်ပြုလို့မရသေးတဲ့ အိမ်တွေလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါ တယ်။

မြိုင်မြို့နယ်က ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ရွှေဓားဗိုလ် အဖွဲ့ကလည်း ရုပ်အလောင်း သုံးလောင်း တွေ့ရှိကြောင်း ဇန်နဝါရီ ၁၆ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပြီး ဖမ်းဆီးခံရတဲ့ ဒေသခံတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေ ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၀ ရက်ကစလို့ မြိုင်မြို့နယ်ထဲမှာ အနည်းဆုံး စစ်ကြောင်း ငါးကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်လာပြီး ရွာပေါင်း ၂၀ ခန့်က ဒေသခံတွေဟာ တိမ်းရှောင်နေရတယ်လို့ မြိုင် PDF တာဝန်ရှိသူက ပြောပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။