ဒီပဲယင်းမြို့နယ်မှာ ဒေသခံသုံးဦး သတ်ဖြတ်ခံရ

2022.01.09
ဒီပဲယင်းမြို့နယ်မှာ ဒေသခံသုံးဦး သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ မေ ၁၅ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ယင်းတွေရွာမှာ ဇန်နဝါရီလ ၇ ရက်နေ့က အသက် ၃၀ ကျော်အရွယ် အမျိုးသားသုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်းတွေကို လယ်ကွင်းထဲမှာတွေ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘာလို့သတ်သွားလဲဆိုတာတော့ မသိဘူး။ ပြည်သူတွေပါပဲ။ သုံးယောက်လုံးက တရွာစီကပေါ့။ ဖြစ်တဲ့ နေရာက ကားလမ်းနဲ့လည်းနီးတယ်ဆိုတော့ ဖြတ်သွားဖြတ်လာကို ပစ်လိုက်တာနေမှာ။ အဲ့ဒီနေ့က သေနတ်တွေနဲ့လည်း ရမ်းပစ်နေတာ။ အလောင်းတွေကိုတော့ လယ်ထဲမှာ ချသွားတာ”

သတ်ဖြတ်ခံရသူတွေဟာ အသက် ၃၄ နှစ်အရွယ် ကိုသက်ပိုင်စိုး၊ အသက် ၃၇ နှစ်အရွယ် ကိုမျိုးဝင်း၊ အသက် ၃၂ နှစ်အရွယ် ကိုရွှေပြည့်အောင် တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတ်ဖြတ်မှုဟာ ယင်းတွေရွာမှာ စပါးရိတ်သိမ်းသူတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေရဲ့ လက်ချက် လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ဒီအချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီပဲယင်းမြို့နယ်ဟာ စစ်ကောင်စီကို အပြင်းအထန်ခုခံတဲ့ဒေသဖြစ်ပြီး အခုရက်ပိုင်းမှာတော့ အခြေအနေ တည်ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇန်နဝါရီလ ၈ ရက် မနေ့ကအထိ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၁၄၄၇ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။