၀န်ကြီး သူရဦးအောင်ကို မောင်တောဒေသ သွားရောက်
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဇောတိကာရုံကျောင်းတိုက်ဆရာတော်အပါအဝင် ဆရာတော် ၆ ပါးထံ လျှောက်ထားတင်ပြခဲ့တယ် လို့ သိရပါတယ်။
-
2017-11-01 -
-
-
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဇောတိကာရုံကျောင်းတိုက် ဆရာတော်အပါအဝင် ဆရာတော် ၆ ပါးထံ လျှောက်ထားတင်ပြခဲ့တယ်လို့ သိရပါတယ်။
ပြန်လည်ခေါ်ယူဖို့ကို ဘုန်းတော်ကြီးတွေဘက်က လက်ခံထားပြီး နောက်ထပ်အကြမ်းဖက်မှုတွေ ထပ်မဖြစ်လာဖို့နဲ့ နိုင်ငံတကာကလက်ခံနိုင်တဲ့ အခြေအနေမျိုးဖြစ်လာအောင် အကြံပေးထားတယ်လို့ ဒီနေ့တွေ့ဆုံရာမှာ ပါဝင်တဲ့ ဇောတိကာရုံကျောင်းတိုက် ဆရာတော်ဦးဇောတိက က မိန့်ပါတယ်။
"သဘောတူလက်ခံရမှာပေါ့။ သဘောတူလက်မခံလို့ ဘယ်ဖြစ်မလဲ။ ဒါပြည်သူလူထုတစ်ရပ်လုံးက တောင်းဆိုနေတဲ့ကိစ္စ။ ဒါပေမဲ့ ဘုန်းဘုန်းတို့က ဒီဒကာကြီးလျှောက်ထားတဲ့အပြင် ဒီထက်နူးညံ့ညင်သာ သိမ့်မွေ့တဲ့ နိုင်ငံတကာကလည်း လက်ခံနိုင်တဲ့ နောက်ထပ်အကြမ်းဖက်မှုတွေ မဖြစ်ပေါ်လာနိုင်တဲ့ အနေအထားမျိုးနဲ့ စီစဉ်နိုင်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ စီစဉ်တာပဲဖြစ်ဖြစ် ဘုန်းကြီးတို့က လက်ခံနိုင်တယ်"
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပကတိအခြေအနေတွေ၊ မောင်တောဒေသက အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ သာသနာရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ဝန်ကြီးသူရဦးအောင်ကိုက ဘုန်းတော်ကြီးတွေကို လျှောက်ထားခဲ့တယ်လို့ မိန့်ပါတယ်။
မောင်တောဒေသကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ ဆရာတော်တွေက ဖိတ်ကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ ရှိကြောင်း ဝန်ကြီး သူရဦးအောင်ကိုက ပြန်လည် လျှောက်ထားခဲ့ပေမယ့် ဘယ်နေ့လာမယ်ဆိုတာမျိုး ပြောကြားသွားတာမရှိဘူးလို့ သိရပါတယ်။
ဝန်ကြီးသူရဦးအောင်ကိုနဲ့ အဖွဲ့ဟာ မနေ့က စစ်တွေမြို့ကို ရောက်ရှိပြီး ဒီနေ့မနက်မှာ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာလည်း ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။