မွတ်စလင်တွေကို မောင်တောတောင်ပိုင်းနဲ့ ရသေ့တောင်မှာ နေရာမချဖို့ ဆန္ဒပြတောင်းဆို
2018.11.04

ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်စလင်တွေကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ်တွေမှာ နေရာမချထားဖို့ ဒေသခံ နှစ်ထောင်လောက်က မောင်တောမြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
မွတ်စလင်တွေကို တောင်ဘက်ပိုင်းနေရာတွေမှာ ပြန်လည်နေရာချထားမယ်ဆိုရင် အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်တာကြောင့် သဘောမတူတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အဲဒီဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေကိုသာ သီးသန့်ချထားပေးဖို့၊ အကြမ်းဖက်မှုကင်းစင်ပြီး တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ဖို့၊ တရားမဝင်ခိုးဝင်လာသူတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ တို့ကိုလည်း တောင်းဆိုခဲ့ကြ ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာကြမယ့် မွတ်စလင်တွေကို မောင်တောမြို့ရဲ့ မြောက်ဘက်ပိုင်းနဲ့ တောင်ဘက်ပိုင်းတွေမှာ ကျေးရွာတွေထူထောင်ပြီး ပြန်လည်နေရာချထားဖို့ အစိုးရက လျာထားတာပါ။
မောင်တော တောင်ဘက်ပိုင်းဟာ ပင်လယ်နဲ့ထိစပ်နေတဲ့ဒေသဖြစ်ပြီး အကြမ်းဖက်သမားတွေ ဝင်ထွက်သွားလာနိုင် တာကြောင့် မွတ်စလင်တွေကို နေရာချထားခြင်းမပြုဖို့ ရခိုင်ပြည်နယ် လွှတ်တော်က အစိုးရကို တိုက်တွန်းထား ပါတယ်။
ဒါပေမဲ့ အစိုးရဘက်ကတော့ ဒေသခံတွေရဲ့ တောင်းဆိုချက်အပေါ် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
မောင်တောမြို့မှာ နေထိုင်တဲ့ မွတ်စလင်တွေကတော့ ဒီနေ့ ဆန္ဒပြတောင်းဆိုမှုကို သဘောတူလက်ခံတဲ့သူရှိသလို ကန့်ကွက်သူတွေလည်း ရှိပါတယ်။
ဒီဆန္ဒပြပွဲကို ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေ စုပေါင်းဆောင်ရွက် ခဲ့ကြတာ ဖြစ်ပါတယ်။