တပ်မတော်နဲ့ ပတ်သက်ပြီး အဖွဲ့အစည်းနဲ့ တစ်ဦးချင်းကိစ္စတွေ ခွဲခြားကြည့်ဖို့လိုကြောင်း ဦးရွှေမန်းပြော
တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းစီရဲ့ကိစ္စတွေကို ခွဲခြားကြည့်မြင်နိုင်ဖို့လိုပြီး အဲဒီလိုမဟုတ်ရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အလားအလာ မကောင်းမှာကို စိတ်မကောင်းဖြစ်မိတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
-
2019-04-08 -
-
-
တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်းစီရဲ့ကိစ္စတွေကို ခွဲခြားကြည့်မြင်နိုင်ဖို့လိုပြီး အဲဒီလိုမဟုတ်ရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အလားအလာ မကောင်းမှာကို စိတ်မကောင်းဖြစ်မိတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
နေပြည်တော်က သူရဲ့နေအိမ်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ UBP ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အဲဒီလို ပြောကြားလိုက်တာပါ။
တပ်မတော်မှာ တတိယအကြီးဆုံး ရာထူးကို ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးရွှေမန်းအနေနဲ့ တပ်မတော်နဲ့ ဆက်ဆံရေးကို သတင်းထောက်တွေက မေးမြန်းရာမှာ တပ်မတော်ကို ပြည်သူချစ်ခင်လေးစား ကြည်ညိုတဲ့ တပ်မတော်ဖြစ်စေလိုကြောင်း၊ သူ့အနေနဲ့လည်း နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ဖူးတဲ့ တပ်မတော်ကို အင်မတန် သံယောဇဉ်ရှိကြောင်း ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီသစ် တည်ထောင်ခွင့်ရရှိပြီဖြစ်တဲ့ UBP ပါတီက တိုင်းဒေသကြီးတွေမှာသာ ဦးစားပေး ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေကိုသာ ဦးစားပေးသွားမယ်လို့လည်း ပြောပါတယ်။
တဆက်တည်းမှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆက်ဆံရေးကို မေးမြန်းရာမှာ လုပ်ငန်းသဘော သဘာဝအရ ဆက်ဆံရေး မရှိတော့ပေမယ့် လူပုဂ္ဂိုလ်ရေးအနေနဲ့ ဆက်ဆံရေးကတော့ တည်မြဲနေဆဲပဲလို့ ဦးရွှေမန်းက ပြောပါတယ်။ ပါတီရဲ့ မူဝါဒအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ လိုက်ဖက်လျော်ညီတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာ တန်ဖိုးထားတဲ့ ဘယ်ပါတီ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှာ ဒုတိယခေါင်းဆောင်အဖြစ် နအဖ အစိုးရလက်ထက်က ပြည်ထဲရေး ဒုတိယဝန်ကြီး တာဝန်ယူခဲ့သူ၊ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဖြစ်သူ ဦးဘုန်းဆွေ က တာဝန်ယူမယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ ဝင်ရောက်မယ့် ကိုယ်စားလှယ်လောင်းတွေကိုလည်း တပ်မတော်သားဟောင်းတွေ အပါအဝင် ကျား မ မခွဲခြားဘဲ အများအကျိုးဆောင်ရွက်နိုင်တဲ့၊ အရည်အချင်းရှိပြီး ဒေသခံတွေ လက်ခံ ကြိုက်နှစ်သက်တဲ့ သူကိုသာ ရွေးချယ်မယ်လို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။