တိုင်းဒေသကြီး ခုနှစ်ခုမှာ UBP ပါတီ ရုံးဖွင့်သွားမည်
2019.05.06
သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ပါတီဟာ လာမယ့် နှစ်လအတွင်း တိုင်းဒေသကြီး ခုနှစ်ခုမှာ ပါတီရုံးတွေ ဖွင့်သွားမယ်လို့ သိရပါတယ်။
နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရုံးချုပ်မှာ မနေ့ကနဲ့ ဒီကနေ့ ပြုလုပ်တဲ့အစည်းအဝေးမှာ တိုင်းဒေသကြီးတွေမှာ နှစ်လအတွင်း ပါတီရုံးခန်း ဖွင့်လှစ်ဖို့၊ ပါတီတွင်း အရည်အသွေးမြှင့်သင်တန်းတွေပြုလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပါတီထူထောင်ရာမှာ ပါဝင်တဲ့ ဦးဝင်းဦးက ပြောပါတယ်။ ပြည်နယ်တွေမှာ ရုံးခန်းဖွင့်လှစ်မလားဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ရွေးကောက်ပွဲကော်မရှင်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပါတီတည်ထောင်ခွင့်ပြုလိုက်တာဖြစ်ပြီး ပထမဆုံးအကြိမ် အစည်းအဝေး လုပ်တာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ ပါတီဥက္ကဋ္ဌတွေ၊ အလုပ်အမှုတွေ မရွေးချယ်ရသေးဘဲ သူရဦးရွှေမန်းနဲ့ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်မှာ ပါဝင်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်မှာဖြစ်ပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ လာမယ့် ၂၀၂၀ အထွေထွေရေးကောက်ပွဲမှာ တိုင်းဒေသကြီးတွေမှာ အဓိကထား ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။