စီးပွားရေးပိတ်ဆို့မှု လျှော့ချိန် မကျသေးကြောင်း အမေရိကန်ပြောကြား

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကို လျှော့ချဖို့ အချိန်စောနေသေးပြီး မြန်မာ အစိုးရသစ်အနေနဲ့ ပိုပြီး ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို လုပ်ဆောင်ဖို့လိုကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ်က ဖေဖော်ဝါရီ ၂ ရက် မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်အစိုးရ၏ သတင်းဌာနမှ ထုတ်ပြန်သော ဓာတ်ပုံတွင် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် (ယာ) နှင့် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဝဲ) တို့ ၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေပွဲ မစမီ နှုတ်ဆက်နေခြင်း ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

အမေရိကန်နိုင်ငံခြားရေးဌာန ၂၀၁၁ အတွက် နိုင်ငံခြားရေး ရည်မှန်းချက်များနဲ့ ဦးတည်ချက်များ ဆိုင်ရာ အစည်းအဝေး အတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလိုပြောလိုက်တာပါ။

အရှေ့တောင်အာရှနိုင်ငံ အတော်များများက အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ တောင်းဆိုလာတာ တွေ့ရကြောင်း၊ ဒါပေမဲ့ ဒီလို ဆောင်ရွက်ဖို့ဟာ စောသေးကြောင်း Mr. Campbell က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ်ဖက်က ပိုတိကျခိုင်မာတဲ့ ခြေလှမ်းတွေ လှမ်းလာမလား ဆိုတာ စောင့်ကြည့်နေပါတယ်။ အရေးကြီးကိစ္စရပ် အတော်များများမှာ ဘယ်လို မူဝါဒချမှတ်မလဲဆိုတာလည်း ကြည့်ရမှာပါလို့ Mr. Campbell က ပြောသွားပါတယ်။

မြန်မာစစ်အစိုးရ ကျင်းပပေးတဲ့ ရွေးကောက်ပွဲဟာ စိတ်ပျက်စရာ အားနည်းချက်တွေ ရှိခဲ့ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် ထိတွေ့ ဆက်ဆံရေး မူဝါဒကိုတော့ ဆက်ပြီး ကိုင်စွဲသွားမှာ ဖြစ်တယ်လို့လည်း ပြောကြားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေအပေါ် အမေရိကန်အစိုးရက ထောက်ခံတယ်လို့လည်း ပြောပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားတဲ့ ရပ်တည်ချက် မူဝါဒ အများစုကို ထောက်ခံပါတယ်။ ကိစ္စရပ်အတော်များများမှာ မြန်မာအစိုးရ ခေါင်းဆောင်တွေဖက်က လက်တွေ့ လုပ်ကိုင်ပြဖို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က အခွင့်အလမ်းတွေ ပေးထားတာကိုလည်း ထောက်ခံပါတယ်လို့ ပြောသွားတာဖြစ်ပါတယ်။

Mr. Campbell ဟာ သမတ အိုဘားမားရဲ့ သဘောထားမတူတဲ့ အစိုးရတွေကို တိုက်ရိုက် ဆက်ဆံရေး မူအရ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒကို ကိုယ်တိုင် သွားရောက် ဆောင်ရွက်ခဲ့တဲ့ အမေရိကန် အဆင့်မြင့်အရာရှိဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org