စစ်တပ်က အလံဖြူထောင်တယ်လို့ ပြောဆိုခဲ့သူ ထောင် ၃ နှစ် အမိန့်ချခံရ

2022.04.06
စစ်တပ်က အလံဖြူထောင်တယ်လို့ ပြောဆိုခဲ့သူ ထောင် ၃ နှစ် အမိန့်ချခံရ ထောင် ၃ နှစ် အမိန့်ချခံရသည့် ကိုတင်ထွန်းအောင် ကို တွေ့ရစဥ်
Photo: Citizen Journalist

ချင်းပြည်နယ် ပလက်ဝမြို့ စစ်ကောင်စီတပ်ရင်းတစ်ခုမှာ အလံဖြူထောင်တယ်ဆိုပြီး သတင်းဌာနတစ်ခု ကို ပြောခဲ့လို့ ဖမ်းဆီးတရားစွဲခံထားရသူ ကိုတင်ထွန်းအောင်ဟာ ဧပြီလ ၅ ရက် မနေ့က ပလက်ဝမြို့နယ် တရားရုံးက နေ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် အမိန့်ချခံ လိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရပြီး ခုလိုအမိန့်ချလိုက်တာဟာ တရားမမျှတလို့ အယူခံ ဆက်တက်မယ်လို့ မိသားစုဝင်တစ်ဦး က RFA ကို ပြောပါတယ်။

“ကျနော်တို့က ပြန်လွတ်မယ် ဒါမှမဟုတ် ထောင်ဒဏ်လပိုင်းလောက်ပဲကျဖို့ မျှော်လင့် ထားတာ။ အပြစ်ကလည်း ကြီးတာမဟုတ်ဘူး။ သူမြင်တွေ့ရတာကို သတင်းဌာနကို ပြောခဲ့ရုံပဲ။ အဲဒါကို ထောင်ဒဏ် သုံးနှစ် အထိချတာက တရားမမျှတဘူးလို့မြင်တယ်။ ကျနော်တို့ကတော့ လက်မခံနိုင်ဘူး။ အယူခံဆက်ပြီးတော့ ဝင်သွားမယ်”

ကိုတင်ထွန်းအောင်ဟာ ပလက်ဝမြို့အခြေစိုက် ၂၈၉ တပ်ရင်းက တောင်ကုန်းမှာ အလံဖြူထောင်ထားတာ မြင်တွေ့ရတယ်ဆိုပြီး ရခိုင်အခြေစိုက် Western News သတင်းဌာနကို ပလက်ဝမြို့နယ် ရုပ်ဝ စာသင်ကျောင်းက ဝန်ထမ်း ကိုတင်ဦးနဲ့အတူ အင်တာဗျူး ဖြေဆိုခဲ့တာပါ။

အဲဒီနောက် သူတို့နှစ်ဦးလုံးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာ ရောက် ဖမ်းဆီးသွားပါတယ်။

ကိုတင်ဦးကိုတော့ နောက်တစ်နေ့မှာပဲ ပလက်ဝမြို့မရဲစခန်းကနေ ခံဝန်နဲ့ လွှတ်ပေး ခဲ့ပေမယ့် ကိုတင်ထွန်းအောင်ကိုတော့ ၂၈၉ တပ်ရင်းက ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုလုပ်ပြီး တပ်မတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းကို ဖော်ပြခဲ့တဲ့ Western News သတင်းဌာနကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (က) နဲ့ စစ်တွေခရိုင် တရားရုံးမှာ တရားစွဲခံထားရတယ်လို့ Western News သတင်းဌာနက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။