စစ်ကောင်စီတပ်စခန်းနှစ်ခု ထပ်သိမ်းနိုင်ကြောင်း TNLA ပြော
2023.11.05

၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၅ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
TNLA စစ်ဒေသ (၃) ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စု ထဲက မန်ဝင်တပ်စခန်းကို နိုဝင်ဘာလ ၅ ရက် ဒီနေ့မနက် အစောပိုင်းမှာ သိမ်းဆည်းခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် TNLA စစ်ဒေသ (၄) ဖြစ်တဲ့ နမ္မတူမြို့နယ်၊ ပန်သပြေရွာက စစ်ကောင်စီ တပ်စခန်းကိုလည်း ဒီနေ့ မနက်ပိုင်းမှာပဲ သိမ်းဆည်းခဲ့တယ်လို့ TNLA ဘက်ကပြောပါတယ်။
လားရှိုးနဲ့ သိန္နီကြား နမ့်တွန်းရွာမှာ စစ်ကူလာတဲ့ စစ်ကောင်စီယာဉ် လေးစီးကိုလည်း TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကားလေးစီး၊ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၄ ရက်မနေ့ကလည်း TNLA စစ်ဒေသ (၆) ဖြစ်တဲ့ လားရှိုးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေဖြစ်တဲ့ ဂျာယန်နဲ့ မိုင်းယန်စခန်းတွေကို သိမ်းဆည်းခဲ့ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးနိုင်ခဲ့သလို လက်နက်၊ ခဲယမ်းတွေ ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ TNLA တို့ဟာ စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး လားရှိုးမြို့အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်း၊ ကွတ်ခိုင်က စစ်ကောင်စီတပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက်ကစပြီး တိုက်ခိုက်ခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေး ကိုးရက်မြောက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီ တပ်စခန်း တစ်ရာကျော်ကို သိမ်းထားနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းသုံးဖွဲ့အပြင် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တို့လည်း ပါဝင်ပါတယ်။