မြင်းခြံမှာ ကျည်ထိမှန်လို့ ဆေးကုသနေသူတစ်ဦး ကွယ်လွန်

2021.05.17
မြင်းခြံမှာ ကျည်ထိမှန်လို့ ဆေးကုသနေသူတစ်ဦး ကွယ်လွန် စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့တဲ့ ကိုထွန်းဦး ရဲ့ ဈာပနကို ၂၀၂၁ မေ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့တဲ့ ကိုထွန်းဦး အသက် (၄၄) နှစ်ဟာ ဆေးကုသမှုခံယူနေရင်း မနေ့က မေလ ၁၆ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုက ပြောပါတယ်။

သူဟာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် မျက်ခုံးနားမှာ ကျည်မှန်ထိမှန်ပြီး မန္တလေးမှာ တစ်လနီးပါး ဆေးကုသမှု ခံယူနေစဉ် မနေ့က ကွယ်လွန်ခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ဆန်ဆိုင် အလုပ်သမားပါ။ အလုပ်ဆင်းမယ်ဆိုပြီး အဲဒီနေ့က သွားလိုက်တာ။ မြို့မဈေးတောင်ဘက်မှာ သူတို့ဆိုင်က။ ပေ ၁၀၀ ကျော်လောက်မှာ ပစ်နေတော့ ဆိုင်ပိုင်ရှင်က ဟနေတဲ့ တံခါးပိတ်ခိုင်းတော့ သွားပိတ်လိုက်တာ။ သူ့ကို တည့်တည့်ပစ်လိုက်တာနေမှာပေါ့၊ မျက်ခုံးနားလေး မှန်သွားတယ်။ မန္တလေးမှာ အရေးပေါ်ကုနေတာ”

ကိုထွန်းဦးရဲ့ နောက်ဆုံးဈာပနကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး၊ ကွယ်လွန်သူမှာ သားသမီး သုံးယောက် ကျန်ခဲ့ပါတယ်။

ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက မြင်းခြံမြို့မှာ စစ်ကောင်စီတပ်ဟာ မြိုတွင်းလမ်းတွေမှာ ကာရံထားတဲ့ အကာအရံတွေ၊ အတားအဆီးတွေကို အင်အားသုံး လာရောက်ရှင်းလင်းချိန် ဒေသခံ နှစ်ယောက်ထက်မနည်း ပစ်ခတ်ခံခဲ့ရပါတယ်။

အခုသေဆုံးသူ ကိုထွန်းဦးဟာ အဲဒီနေ့က ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ကျန်တဲ့တစ်ယောက်ရဲ့ အခြေနေကိုတော့ အတိအကျ မသိရဘူးလို့ ဒေသခံတွေ ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ မြင်းခြံမြို့မှာ သေဆုံးသူ ၂၈ ယောက် အနည်းဆုံးရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။