သတင်းမီဒီယာသမား ၂ ဦး ထောင်ချခံရ

"ပညာရေးစနစ် နိမ့်ပါးမှုကြောင့် တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြ" ဆိုတဲ့ သတင်းကို ပုံနှိပ်ဖော်ပြ ခဲ့တဲ့ မြန်မာ ပို့စ်ဂျာနယ်က အယ်ဒီတာချုပ် နဲ့ ဒုတိယ သတင်းထောက်ချုပ်တို့ကို ပုဒ်မ ၅၀၀ အသရေဖျက်မှု နဲ့ မော်လမြိုင်မြို့နယ်တရားရုံး က ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။

မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နဲ့ ဒုတိယ သတင်းထောက်ချုပ်တို့ကို မတ်လ ၁၈ ရက်နေ့က ရုံးထုတ်လာစဉ် Photo: Thu Ya Facebook

"ပညာရေးစနစ် နိမ့်ပါးမှုကြောင့် တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြ" ဆိုတဲ့ သတင်းကို ပုံနှိပ်ဖော်ပြခဲ့ တဲ့ မြန်မာပို့စ်ဂျာနယ်က အယ်ဒီတာချုပ်နဲ့ ဒုတိယ သတင်းထောက်ချုပ်တို့ကို ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ မော်လမြိုင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။

မွန်ပြည်နယ်က တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က တရားလိုလုပ်ပြီး စွဲဆိုခဲ့တာကို ဒီနေ့ အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားရုံးကို တက်ရောက်ခဲ့တဲ့ မြန်မာပို့စ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုဇင်သော်နိုင် က ပြောပါတယ်။

"တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က သူတို့ ၂ ယောက်ကို ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ တရားစွဲတာပါ၊ ၂ လပိုင်း၊ ၃ လပိုင်းလောက်မှာ တရားစစွဲတာပါ၊ အဲ့ချိန်ကစပြီး တစ်နှစ်ကျော် တရားရင်ဆိုင်ပြီးတဲ့အခါမှာ ဒီနေ့နေ့လယ် ၁ နာရီမှာ မွန်ပြည်နယ်က မြို့နယ်တရားသူကြီး ဦးသန်းအောင် က ဒီ ၂ ယောက်ကို အလုပ်မဲ့ထောင်ဒဏ် ၂ လစီချမှတ်လိုက်တယ်၊ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးကို ဦးစားပေးပြီးတော့ မတရားအမိန့်ချတယ်လို့ပဲမြင်တယ်"

မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့ တွေ့ဆုံပွဲတစ်ခုမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော် ပြောခဲ့တာကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းကို မြန်မာပို့စ်ဂျာနယ် မော်လမြိုင်အလွတ်သတင်းထောက်က ရေးသားတာဖြစ်ပြီး သူက တရားလိုပြ သက်သေအဖြစ် လိုက်ခဲ့တာဖြစ်ပါတယ်။

မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ဦးသန်းထိုက်သူနဲ့ ဒု-သတင်းထောက်ချုပ် ဦးဆန်းမိုးထွန်းတို့ကို ပြစ်ဒဏ်ချမှတ် ပြီး မော်လမြိုင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org