ထိုင်းနိုင်ငံရောက် သာသနာပြု လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒ ပျံလွန်တော်မူ

လွန်ခဲ့နှစ်ပေါင်း (၅၀) ကျော်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ကြွချီပြီး ပရိယတ္တိ၊ ပဋိပတ္တိစာပေတွေ သာသနာပြု သင်ကြားပေးနေတဲ့ သက်တော် (၉၃) နှစ်၊ ဝါတော် (၇၃) ဝါ ရှိပြီဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရ ဝပ်ထာ့မအို ကျောင်းတိုက် လန်ပန်း ဆရာတော်ကြီး ဦးဓမ္မာနန္ဒဟာ မနေ့ မနက်က လန်ပန်းခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ပျံလွန်တော်မူသွားပါတယ်။

ဆရာတော်ကြီး ပျံလွန်တော်မူတာနဲ့ပတ်သက်လို့ (၁၀) နှစ်ကြာ အနီးကပ် ပြုစုခဲ့တဲ့ အရှင်ဇနကက အခုလို မိန့်ပါတယ်။

“ဆရာတော်ကြီးက ပြီးခဲ့တဲ့နှစ် (၂၇) ရက် ဇူလိုင်လကနေ ဆေးရုံတက်ရတာ၊ အခုဆို တနှစ်နီးပါးပဲပေါ့။ ရင်ကြပ်တာလေးနဲ့ စပြီးတော့ ဆေးရုံတင်လိုက်တာ၊ ဆေးရုံမှာပဲ သက်တောင့်သက်သာ special nurse တွေ ထားပြီးတော့ ဆေးကုသ ထားတာပေါ့နော်၊ ဒီနေ့ မနက်ခင်းပဲ မနက်ခင်း (၅း၅၀) လောက်က ပျံလွန်တော်မှုသွားတာ”

လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀) ကတည်းက ဆရာတော် ဦးဓမ္မာနန္ဒနဲ့ အမေရိကန်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးသောဇနရယ်တို့ဟာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ အစီအစဉ်အရ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ထိုင်းနိုင်ငံ နခွန်ဆဝမ်မြို့မှာ စာဝါပို့ချပြီး သီတင်းသုံးနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဝပ်ထာ့မအိုကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဖြစ်လာပြီး ပရိယတ္တိ စာသင်တိုက် တည်ထောင်ခဲ့ပါတယ်။ ဆရာတော်ဟာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်လို့ ပါဠိစာပေတွေကို ထိုင်းလူမျိုး အများစုအပါအဝင် နိုင်ငံခြားသားတွေကို သင်ကြားပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို စာပေသင်ကြားပေးတဲ့အတွက် နာမည်ကျော်ကြားလာပြီး ထိုင်းဘုရင့်သမီးတော် သီရိဒုံ ဆက်ကပ်တဲ့ ကျမ်းပြုအကျော်အမော်ဘွဲ့နဲ့ မြန်မာစာသင်သား ရဟန်းတော်များ တက်ရောက် သင်ကြားနေတဲ့ မဟာချုလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်က ပါရဂူဘွဲ့ ဆက်ကပ်ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံကနေ လာပြီးတော့ ပရိယတ္တိ၊ ပဋိပတ္တိစာပေ ပြန့်ပွားရေးအတွက် သာသနာပြုခဲ့တဲ့ အကျော်အမော် ဆရာတော်တွေ ရှိတဲ့အထဲမှာ ပရိယတ္တိစာပေနဲ့ ပတ်သက်လို့ ဆရာတော်ကြီးဟာ နောက်ဆုံးလို့ ပြောရမှာ ဖြစ်ကြောင်းလည်း ဆရာတော် ဦးဇနကက မိန့်ပါတယ်။

ဆရာတော်ရဲ့ အန္တိမ ဈာပနကို (၆) လ (၁) နှစ်ကြာမှ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အပတ်တိုင်းမှာတော့ အလှူရှင်အပေါ် မူတည်ပြီး ဝပ်ထာ့မအိုကျောင်းမှာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်မယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org