ဦးကျော်မိုးထွန်းကို ကုလကိုယ်စားလှယ်အဖြစ် ဆက်ထားပေးဖို့ ဆန္ဒပြတောင်းဆို
၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ နိုင်ငံခေါင်းဆောင်တွေ ရောက်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန်ရောက် မြန်မာတွေ စက်တင်ဘာလ ၁၇ ရက် ဒီကနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ပြည်သူဘက်က ရပ်တည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်ခန့်ထားဖို့၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုမြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။
အမေရိကန် တစ်နိုင်ငံလုံးကလူတွေ နယူးယောက်မှာ စုရုံးပြီး မြို့လယ်ခေါင်ကနေစပြီးတော့ လူစည်ကားရာ လမ်းမတွေကိုဖြတ်ပြီး ကုလရုံးချုပ်ရှေ့ကို လမ်းလျှောက်ချီတက်ခဲ့တာပါ။
ကုလသမဂ္ဂ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီက မြန်မာနိုင်ငံအတွက် ဘယ်သူ့ကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာကို ဆုံးဖြတ်ပေးရပါမယ်။
အခုနှစ် ကိုယ်စားလှယ် စိစစ်ရေး ကော်တီမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားက အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေအဖြစ် ပါဝင်ပြီး ဒီနှစ်အတွက်တာဝန်ပေးခံရတဲ့ အဖွဲ့ဝင်ခြောက်နိုင်ငံကတော့… အန်ဂိုလာ၊ သြစတြီးယား၊ ဂိုင်ယာနာ၊ ဥရုဂွေး၊ မော်လဒိုက်နဲ့ ဇမ်ဘီယာနိုင်ငံတို့ ဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့ဝင် ခြောက်နိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က မရပ်တည်ဘဲ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်တဲ့ နိုင်ငံတွေဖြစ်တယ်လို့ RFA နဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က သီးသန့် တွေ့ဆုံ မေးမြန်းခန်းမှာ ဦးကျော်မိုးထွန်းကပြောပါတယ်။
ကုလသမဂ္ဂမှာ ကိုယ်စားပြု နေရာရဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကရော စစ်ကောင်စီကပါအပြိုင် တင်သွင်းထားကြပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာတော့ မြန်မာကိုယ်စားလှယ် စိစစ်ရေးကိစ္စကို ကော်မတီက ဆိုင်းငံ့ခဲ့တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းပဲ ကိုယ်စားပြုခွင့် ဆက်ရနေတာဖြစ်ပါတယ်။
အခုနှစ်မှာဘယ်လိုဆုံးဖြတ်ချက် ထွက်လာမလဲဆိုတာကို အများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
ကုလသမဂ္ဂက ထုတ်ပြန်တဲ့စာရင်းတွေထဲမှာ လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့ကို မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ခေါင်းဆောင် တက်ရောက်စကားပြောမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနေ့မှာ တက်ရောက်မိန့်ခွန်းပြောဖို့ ရှိသလားလို့ RFA က ဦးကျော်မိုးထွန်းကို မေးမြန်းချိန်မှာတော့ စောင့်ကြည့်ပါလို့ပဲ ပြောဆိုခဲ့ပါတယ်။
--