သမ္မတ ဦးသိန်းစိန်နဲ့ ပါတီ ၁ဝ ခု တွေ့ဆုံ
သမ္မတ ဦးသိန်းစိန်နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ (၁၀) ခုက ခေါင်းဆောင် ၁၂ ဦး နေပြည်တော်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံပြီး နိုင်ငံ တည်ဆောက်ရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်ပေါင်း ၃၀ ကျော် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
-
2012-07-18 -
-
-
တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ဦးခင်မောင်ဆွေက RFA ကို အခုလို ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတယ် ဆိုတာကိုတော့ သမ္မတကြီး လက်ခံပုံပေါ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကိုတော့ သူပြောပါတယ်။ ဒီနိုင်ငံမှာ ဒေါ်စုနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ ကိစ္စတွေ အများကြီး ကျန်သေးတယ်ဆိုတာလည်း သူသဘောပေါက်တယ်လို့ ကျွန်တော် ယူဆပါတယ်။ သူပြောတဲ့ စကားတွေအရ ဒီသဘော ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီ Mainstreams နိုင်ငံရေးထဲ ပါလာအောင် သူကြိုးပမ်းခဲ့တာ၊ အမျိုးသား ညီညွတ်ရေး ဖြစ်အောင်သူကြိုးပမ်းခဲ့တာ ဟာလည်းပဲ ဒေါ်စုရဲ့ အရေးပါမှုကို သူတန်ဖိုးထားလို့ ဖြစ်တယ်ဆိုတာကို သူပြောနေသလိုပဲ ကျွန်တော် ယူဆပါတယ်"
ဒီဆွေးနွေးပွဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးရေး၊ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာအရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဦးသိန်းစိန်အနေနဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အဖွဲ့အပါအဝင် တခြားအဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့လည်း ဆက်လက်တွေ့ဆုံဖို့ ရှိပြီး များမကြာမီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဆုံဖို့ စီစဉ်ထားကြောင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို ဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ဦးစိုးသိမ်းတို့နဲ့အတူ သမ္မတရဲ့ အမျိုးသား လူမှု စီးပွားကောင်စီအဖွဲ့က ဦးတင်မောင်သန်းနဲ့ ဦးလှမောင်ရွှေတို့ တက်ရောက်ခဲ့ပြီး NDF အမျိုးသား ဒီမိုကရေစီအင်အားစု၊ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံစဝေါ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ စတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ (၁၀) ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မနက် ၉ နာရီကနေ နေ့လည် တစ်နာရီအထိ တွေ့ဆုံချိန် ၄ နာရီ ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။
တွေ့ဆုံဆွေးနွေးချက် အသေးစိတ်ကို နားဆင်နိုင်ပါတယ်။
တွေ့ဆုံဆွေးနွေးချက်။ | |
အသံဖိုင်ယူရန်။ |