အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန် မိသားစု ကြိုတင်မဲပေး
2020.11.06
တပ်မတော် ထိပ်တန်းအရာရှိကြီးတွေ နေထိုင်တဲ့နေပြည်တော် ခြောက်လုံးတန်းက နေအိမ်တွေမှာ၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မိသားစု၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်း တို့ ဒီနေ့ အသီးသီး ကြိုတင်မဲပေးခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မိသားစုက သူတို့နေထိုင်ရာ ခြံအမှတ် A-1 ထဲက နေအိမ်ထဲမှာ မဲပေးခဲ့ပြီး၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့က သူတို့နေထိုင်ရာ ခြံအမှတ် A-4 ထဲက နေအိမ်မှာ မဲပေးခဲ့ပြီးတဲ့နောက် အပြင်မှာစောင့်နေတဲ့ သတင်းထောက်တွေကို ခြံဝင်းထဲထွက်ပြီး လက်ပြ နှုတ်ဆက်ခဲ့ ပါတယ်။
အလားတူ နေပြည်တော် ဇေယျာသီရိမြို့နယ် ကျန်စစ်သားရပ်ကွက်က မဲရုံမှာလည်း၊ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၉၀၀ ကျော် ကြိုတင်မဲပေးခဲ့ကြပါတယ်။ အဲဒီမဲရုံကို တာဝန်ယူကြီးကြပ်နေတဲ့ ဇေယျာသီရိ မြို့နယ် ကျန်စစ်သားရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကိုတင်ကိုလတ်က တပ်မတော်သား တွေဟာ ဒီနေ့ လွတ်လွတ်လပ်လပ် ကြိုတင်မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။
"ကြိုတင်မဲမှာ ကျတော်တို့ အရမ်းကြီးတော့ အခက်အခဲတော့မရှိပါဘူး၊ ဒီတိုင်းပဲ အဆင်ပြေသလိုလေး လုပ်သွားတယ်ပေါ့၊ ခုနလိုမျိုး Covid 19 ကာကွယ်ရာလည်းရောက်အောင် နည်းနည်း အချိန်တော့ ကြာတာပေါ့လေ၊ ပေးပြီးတာက မနေ့ကထိဆိုရင် ၇၀၀ ကျော်တော့ ပေးပြီးသွားပြီပေါ့လေ။ ဒီနေ့ စာရင်းကတော့ မတွက်ရသေးဘူး၊ ၅ နာရီ နောက်ပိုင်းတော့သိမှာပေါ့၊ လျှို့ဝှက်ဆန္ဒမဲဆိုတဲ့အတိုင်း ဆန္ဒပြုအခန်းနဲ့ ကျတော်တို့နဲ့ လုံးဝအကွာပေါ့၊ အနားမှာလည်း ကပ်ခွင့်မရှိဘူး၊ အပြင်မှာပဲ ပြောပြတာ ရှိတယ်၊ အထဲမှာတော့ ကျတော်တို့ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘူးခင်ဗျ။"
ဇေယျာသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ စုစုပေါင်း ရှစ်သောင်း နှစ်ထောင်ကျော်ရှိပြီး၊ အဲဒီအထဲမှာ တပ်မတော်သား တွေနဲ့ မိသားစုဝင် နှစ်သောင်းကျော် ရှိပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အရာရှိတွေ၊ စစ်သည်တွေ၊ မိသားစုတွေ အားလုံး လွတ်လွတ်လပ်လပ် မဲပေးနိုင်ပြီး၊ တို့တာဝန်အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အလေးထားတဲ့ ကိုယ်စားလှယ်လောင်း တွေကို မဲပေးဖို့” တိုင်းစစ်ဌာနချုပ် အသီးသီးက တိုင်းမှူးတွေနဲ့ ဗွီဒီယိုအွန်လိုင်းကတဆင့် နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ဆုံရာမှာ တိုက်တွန်းခဲ့ပါတယ်။
ကျန်စစ်သားရပ်ကွက်က မဲရုံကို လေ့လာသူအဖြစ် လာရောက်စောင့်ကြည့်နေတဲ့ NLDပါတီ မဲရုံကိုယ်စားလှယ် ဦးအောင်ထွန်းဦးက တပ်မတော်သားတွေ မဲပေးတဲ့အခြေအနေကို RFA ကို ရှင်းပြပါတယ်။
"အပြင်မဲရုံတွေနဲ့တော့ နည်းနည်းကွာတာပေါ့၊ အပြင်မဲရုံတွေကတော့ လူများတာပေါ့၊ လူများတဲ့အပြင် ရပ်သူရွာသားတွေဆိုတော့ သိပ်နားမလည်ကြတော့ ဟိုဟာရှိတာပေါ့၊ ဒီကတော့ သူ့စည်းကမ်းလေးနဲ့ ကျန်းမာရေးနဲ့ အကုန်လုံး သူ့ဟာလေးနဲ့သူ တန်းစီပြီးသွားကြတာဆိုတော့ အဆင်ပြေတယ်၊ လွတ်လွတ်လပ်လပ် မဲပေးနိုင်ပါတယ်။ လွတ်လွတ်လပ်လပ် မဲပေးလို့ရကြတယ်၊ ပြင်ဆင်ထားတဲ့ အခြေအနေကတော့ အပြင်မှာ တန်းစီတယ် ကျန်းမာရေးက သတ်မှတ်တဲ့အတိုင်းပဲ ခြောက်ပေခြား တစ်ဦးချင်း ဝင်ရတယ်၊ ဆန္ဒပြုခန်းနားမှာ ဘယ်သူမှမရှိရဘူး အဲလိုမျိုး လုပ်ထားတယ်"
ဇေယျာသီရိမြို့နယ်မှာ၊ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ကြိုတင်မဲပေးရမယ့် မဲရုံ ၁၆ ခုရှိပြီး အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာလ ၇ ရက်နေ့အထိ သတ်မှတ်ထားတဲ့ ၁၀ ရက်တာကာလ အတွင်း၊ အသက် ၆၀ကျော် သူတွေနဲ့ လုပ်ငန်းတာဝန်အသီးသီး ထမ်းဆောင်ရမယ့် တပ်မတော်သားတွေက ကြိုတင်မဲပေးနေတာ ဖြစ်ပါတယ်။
ဇေယျာသီရီမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့ပြီး၊ အခု ၂၀၂၀ မှာလည်း ပြည်သူ့လွှတ်တော်နေရာအတွက် USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ အာဏာရ NLD ပါတီက ဒေါက်တာ မိုးဆွေတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့ဟာ ပါတီအားလုံးမဲဆွယ်ရမယ့် နောက်ဆုံးရက်ဖြစ်ပြီး၊ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီအားလုံး၊ ည ၁၂ နာရီအချိန်ကို မကျော်လွန်ဘဲ မဲဆွယ်ရေးဆိုင်းဘုတ်နဲ့ ပိုစတာတွေကို အပြီးဖြုတ်သိမ်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အမိန့်ထုတ်ထားပါတယ်။
နေပြည်တော်မှာ ဒီနေ့ နေ့လည်ပိုင်းအချိန်အထိ အာဏာရပါတီ NLD အပါအဝင်၊ ပါတီတချို့နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ရေးပိုစတာတွေကို စတင်ဖြုတ်သိမ်းနေတာ တွေ့ရပါ တယ်။
မဲဆွယ်ဆိုင်းဘုတ်တွေနဲ့ ပိုစတာတွေကို ဖျက်သိမ်းနေတဲ့ ဇမ္ဗူသီရိမြို့နယ် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးသောင်းထိုက်ရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးသူရိန် က “ဒီနှစ်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်ရတာ ပိုခက်ခဲတယ်” လို့ RFA ကို ပြောပါတယ်။
"ရွေးကောက်ပွဲဝင်မယ့် ဦးသောင်းထိုက်ကလည်း ပြည်ထောင်စုနယ်မြေက ဝင်ပြိုင်တာဆိုတော့ ရွေးကောက်ပွဲ စည်းကမ်းတွေကို တခြားနေရာတွေထက်တောင် လေးစားလိုက်နာရမှာလေ၊ ရွေးကောက်ပွဲကို စပြီး ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကိုက ဒေသခံဖြစ်တယ် ကိုယ့်နယ်မြေမှာ ပြန်ပြီးကြည့်နိုင်အောင် လိုအပ်ချက်တွေ ဖြည့်ဆီးပေးနိုင်အောင် ဒါမျိုးတွေ ရည်ရွယ်ချက်တွေနဲ့ပဲ ဝင်ပြိုင်ခဲ့တာဖြစ်တဲ့အတွက် အခက်အခဲတွေရှိမယ် ဒီထက်ပိုတဲ့ အခက်အခဲတွေရှိမယ်လို့တောင် မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ အခုဟာ မထင်မှတ်ပဲ ဖြစ်သွားတာက Covid ကာလဖြစ်နေတော့ သာမန် စည်းရုံးရေးဆင်းရတာနဲ့ မတူတော့ဘူး၊ အကန့်အသတ်တွေ များတယ်၊"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကလည်း “ကပ်ရောဂါကာလ စည်းကမ်း သတ်မှတ်ချက်တွေက အတိုက်အခံပါတီတွေအတွက် ပိုပြီးခက်ခဲစေတယ်” လို့ ပြောပါတယ်။
"၁၂ နာရီထက် မကျော်အောင်တော့ ဖြုတ်ပါမှာပေါ့နော်၊ နောက်ဆုံး ၁၂ နာရီ မထိုးခင် ငါးမိနစ်အတွင်းမှာ ဖြုတ်ရင်လည်း ဖြုတ်တဲ့နေရာတော့ ရှိကောင်းရှိမှာပေါ့ အားလုံးကိုတော့ ည ၁၂ နာရီ အပြီးဖြုတ်ပါလို့တော့ မှာထားတာပေါ့ ဒါက ဥပဒေပြဌာန်းချက် ကန့်သတ်ချက်ရှိနေတာလေ။ Covid ရဲ့ ကန့်သတ်ချက်ဆိုတာ ကတော့ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ MOHSက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်တွေ ညွှန်ကြားချက် တွေက အားလုံးကို သက်ရောက်တယ်ဆိုပေမယ့်လည်း အစ်မတို့ အတိုက်အခံပါတီတွေပေါ်မှာ ပိုပြီးတော့ သက်ရောက်မှုရှိတာပေါ့နော်။"
နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ ပြည်သူ့လွှတ်တော် ရှစ်နေရာနဲ့ အမျိုးသားလွှတ်တော် နှစ်နေရာ၊ စုစုပေါင်း ၁၀ နေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအပါအဝင် ပါတီ ၁၁ ခုက ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
နေပြည်တော်မှာ မဲဆွယ်ရေးယာဉ်တန်းနဲ့ လှည့်လည်စဉ် ယာဉ်မတော်တဆမှုနဲ့ ပါတီဝင်တစ်ဦး သေဆုံးခဲ့ရတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ ဗဟိုတွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဒေါက်တာ မျိုးဆက်သွေးက မဲဆွယ်ရေး ကာလကြုံခဲ့ရတဲ့ အခက်အခဲတွေကို RFA ကို ရှင်းပြပါတယ်။
" Covid နဲ့ ဆိုတော့ ထုတ်ပြန်ထားတဲ့ အမိန့်တွေအတိုင်း အညီလုပ်ရတော့ စိတ်တိုင်းကျတော့ မဟုတ်ဘူးပေါ့နော်၊ အများကြီး အကန့်အသတ်တွေ ရှိတာပေါ့၊ လူဦးရေဆိုလည်း အကန့်အသတ်ရှိတယ်၊ လုပ်ချင်တဲ့ လှုပ်ရှားမူ activities တွေဆိုလည်း အကန့်အသတ်ရှိတယ်၊ ဒါကြောင့်မို့ အားရကျေနပ်မှုမရှိဘူး၊ အဲအချိန်မှာ ဘာတစ်ခုဖြစ်သွားလည်းဆိုရင် လှည့်လည်နေတုန်းမှာပဲ တစ်ရက်မှာ ယာဉ်မတော်တဆမှုနဲ့ ကျတော်တို့ရဲ့ပါတီဝင်တစ်ယောက် ဆုံးသွားပြီး တစ်ယောက် ဒဏ်ရာရသွားတယ်၊ အဲလိုဖြစ်သွားတဲ့ အဲနောက်ပိုင်းမှာ အဲ activitiesတွေ တော်တော်လေးကို နည်းသွားတယ်ပေါ့နော်"
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ၊ ဆန္ဒမဲပေးနိုင်သူ ကိုးသိန်းကျော်ရှိပြီး၊ အဲဒီအထဲက တစ်သိန်း ကျော်လောက် ကြိုတင်မဲပေးခဲ့ကြပြီး ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲနေ့မှာ တော့ လူဦးရေ ရှစ်သိန်းကျော်လောက် မဲပေးဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)