စစ်ကောင်စီရဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဗြိတိန် ပိတ်ဆို့အရေးယူ
အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့"မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း" (Myanma Gems Enterprise) ကို ပိတ်ဆို့အရေးယူ လိုက်ကြောင်း ဗြိတိန်အစိုးရက မေလ ၁၇ ရက်နေ့က ကြေညာလိုက်ပါတယ်။
- 2021-05-17
-
-
-
အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့"မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း" (Myanma Gems Enterprise) ကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ဗြိတိန်အစိုးရက မေလ ၁၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒီလိုအရေးယူလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန်ချိုးဖောက်ပြီး ကလေးတွေကိုပါမကျန် အကြမ်းဖက်ဖိနှိပ်နေမှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ရန်ပုံငွေအရင်းအမြစ်တွေကို ရပ်တန့်ပိတ်ပင်နိုင်မှာ ဖြစ်တယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေပြီး ဒီမိုကရေစီကို အမှုန့်ချေဖျက်ဆီးဖို့ ဦးတည်နေတုန်းပဲဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့ဒဏ်ခတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ရောက်ရေးအတွက် မဟာမိတ်နိုင်ငံတွေနဲ့အတူ လက်တွဲဆောင်ရွက်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ကြေညာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံဟာ စစ်အာဏာသိမ်းမှုမှာ ပါဝင်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ကောင်စီ အဖွဲ့ဝင် ခြောက်ဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြစ်ဒဏ်ခတ်အရေးယူ ပိတ်ဆို့ထားပါတယ်။
ဖေဖော်ဝါရီလမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ကလည်း ဗြိတိန်နည်းတူ စစ်ကောင်စီကို အရေးယူ ဒဏ်ခတ်ခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူတဲ့စာရင်းမှာလည်း အာဏာသိမ်း စစ်ကောင်စီရဲ့ "မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း" (Myanma Gems Enterprise) ကို ဧပြီလ ၂၁ ရက်နေ့မှာ ထည့်သွင်းခဲ့ပါတယ်။