ကတိကဝတ်အာမခံချက် မရခဲ့ဘူးလို့ ကုလလက်ထောက် အတွင်းရေးမှူးချုပ် ပြော

အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ငါးရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ၊ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman ဟာ၊ ခရီးစဉ်ကနေ တစ်စုံတရာ ကတိကဝတ် အာမခံချက် မရရှိဘဲ ပြန်သွားခဲ့ရတယ်လို့ AFP သတင်းကဖော်ပြပါတယ်။

ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ၊ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ် ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ငါးရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ၊ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman ဟာ၊ ခရီးစဉ်ကနေ တစ်စုံတရာ ကတိကဝတ် အာမခံချက် မရရှိဘဲ ပြန်သွားခဲ့ရတယ်လို့ AFP သတင်းကဖော်ပြပါတယ်။

Jeffrey Feltman ဟာ အောက်တိုဘာလ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ သံတမန်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင်၊ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးပွဲ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး၊ ရခိုင်ပြည်နယ်က ပဋိပက္ခ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေရဲ့ ပြဿနာတွေ ကို အဓိကဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Mr.Jeffrey Feltman ကို ရခိုင်ပြည်နယ်မြောက်ပိုင်းကို လေယာဉ်နဲ့ ပို့ဆောင်ခဲ့ရာမှာ မီးလောင်ကျွမ်းနေတဲ့ ကျေးရွာတွေကို တွေ့မြင်ခဲ့ရကြောင်း၊ မြန်မာ့တပ်မတော်အနေနဲ့ အကြမ်းဖက်မှုတွေကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ရေးမှာ နယ်မြေရှင်းလင်းရေးတခုတည်းနဲ့ မရနိုင်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ လွတ်လွတ်လပ်လပ် အပြည့်အဝပေးခွင့်ပြုဖို့၊ ဘင်္ဂလာဒေ့ရှ်ရောက် ဒုက္ခသည်တွေ သူတို့ဆန္ဒနဲ့အညီ နေရပ်ကို ဘေးကင်းရန်ကင်း ပြန်ခွင့်ပြုဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ တောင်းဆိုချက်ကို လည်း ထပ်လောင်းပြောကြားခဲ့ကြောင်းလည်း ပြောခွင့်ရသူက ပြောပါတယ်။

ဒါ့ပြင် ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ Jeffrey Feltman ရဲ့ ခရီးစဉ်ကနေ တိုးတက်အောင်မြင်မှုတွေ မြန်မြန်ဆန်ဆန်ရရှိလိမ့်မယ်လို့ မျှော်လင့်နိုင်မှာ မဟုတ်ကြောင်း၊ မြန်မာအစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားရမှာ ဖြစ်ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org