ကုလနိုင်ငံရေးရာဌာနအကြီးအကဲ ဒုတိယ အတွင်းရေးမှူးချုပ် မောင်တော သွားရောက်
2017.10.17

ကုလသမဂ္ဂနိုင်ငံရေးရာ ဌာနအကြီးအကဲ၊ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မန် Jeffrey Feltman ဦးဆောင်တဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံပြီး မောင်တောမြို့နယ်ကို သွားရောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ က မစ္စတာဂျက်ဖရီဖဲလ်မန် ဦးဆောင်တဲ့အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်စီစဉ်နေတဲ့ လုပ်ငန်းကြီး ၃ခုအပေါ် အခြေခံပြီး လုပ်ဆောင်နေတဲ့အကြောင်း ရှင်းပြလိုက်တယ်လို့ ပြောပါတယ်။
"ကျနော်တို့ဘက်ကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသွားတဲ့ လုပ်ငန်းကြီး ၃ ရပ်ပေါ်မှာ အခြေခံပြီး လုပ်နေတဲ့ကိစ္စရပ်တွေ၊ တဘက်ကလည်း သူတို့ဘက်ကလည်း ဆင်းကြည့်ပြီးတော့ အခြေအနေမှန်ကို သိချင်၊ မြင်ချင်လို့လာတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ အဓိကကတော့ ကယ်ဆယ်ရေးကိစ္စရပ်တွေပဲ သူတို့ပူးပေါင်း ပါဝင်ဖို့ဆိုတဲ့ အကြောင်းတွေပဲ ပြောတာပေါ့။"
မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂအကြား ပိုမိုပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေ ရှာဖွေဖို့နဲ့ အစိုးရရဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ အကူအညီပေးဖို့ ဆွေးနွေးခဲ့ကြ တယ်လို့လည်း သိရပါတယ်။
အဲဒီခရီးစဉ်မှာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စက်ရီနာတာ ဒက်ဆာလီယံ (Renata Lok-Dessallie) လည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်။
မစ္စတာဂျက်ဖရီဖဲလ်မန် ဦးဆောင်တဲ့အဖွဲ့ဟာ မောင်တောမြို့နယ် ငခူရကျေးရွာမှာနေထိုင်တဲ့ ရခိုင်၊ ဟိန္ဒူ၊ မွတ် စလင်တွေနဲ့ တေ့ွဆုံပြီး အတူယှဉ်တွဲနေထိုင်ရေးကိစ္စတွေကို မေးမြန်းခဲ့သလို ဘင်္ဂလားဒေ့ရှ်ကို ထွက်သွားသူတွေရဲ့ အခြေအနေကိုလည်း မေးခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေက ရွာမှာ ကင်းချပြီး စောင့်ဆိုင်းနေရကြောင်း အကြမ်းဖက်မှုတွေကို အားမပေးကြောင်း ပြောပြတယ်လို့လည်း သိရပါတယ်။ အဲဒီနောက် ရွှေရင်အေးကျေးရွာ ကို ရောက်ရှိစဉ်မှာ သြဂုတ်လ ၂၅ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မြင်တေ့ွရတဲ့ အခြေအနေတွေနဲ့ မွတ်စလင်တွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးအပေါ် သဘောထားကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့ကတည်းက မြန်မာနိုင်ငံကိုရောက်ရှိနေ တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း တို့နဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် သူဟာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။