အစိုးရနဲ့ UNFC ဆွေးနွေးပွဲ တိုးတက်မှုရှိ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးဖို့အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်တို့ အပြီးသတ်ဆွေးနွေးဖို့ အချက်အနည်းငယ် သာ ကျန်တော့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
-
2017-11-09 -
-
-
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးဖို့အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်တို့ အပြီးသတ်ဆွေးနွေးဖို့ အချက်အနည်း ငယ်သာ ကျန်တော့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်တို့ ရန်ကုန်မြို့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ရုံးမှာ ၂ ရက်တာဆွေးနွေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အပြီးသတ်ဆွေးနွေးဖို့ အချက်အနည်းငယ်သာ ကျန်တော့ကြောင်း ပြောတာဖြစ်ပါတယ်။
"အခုဟာ ပန်းဝင်ရမယ့်အချိန်ရောက်နေပြီ၊ သိသင့်သိထိုက်တာကို အသိပေးတယ်၊ အခုဟာက ဆက်ပြီးတော့ ဆွေးနွေးရမယ်၊ ပြတ်ဖို့လိုသေးတယ်၊ ကျနော်တို့ တောက်လျှောက် နှစ်နှစ်ခွဲကျော်ဆွေးနွေးလာတာ အချက် အကုန်လုံးကို ကျေကျေလည်လည်ဆွေးနွေးနိုင်ခဲ့တယ်၊ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေရလာတယ်၊ နားလည်မှုတွေရလာတယ်၊ ကျနော်တို့ဆွေးနွေးပွဲက အပြီးသတ်ဆွေးနွေးဖို့ ကျန်နေသေးတယ်"
အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ UNFC နဲ့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အဆိုပြုထားတဲ့ အချက် ၈ ချက်ကို အစိုးရ၊ တပ်မတော်နဲ့ UNFC ရဲ့ နိုင်ငံရေး ဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးနေရာမှာ အချက် အတော်များများကို သဘောတူထားပြီးပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးနေတာ ၁ နှစ်ကျော်ကာလအတွင်း ၈ ကြိမ်မြောက် ရှိပြီဖြစ်ပြီး ဒီတစ်ကြိမ် ဆွေးနွေးပွဲအပြီးမှာ NCA စာချုပ် လက်မှတ်ထိုးဖို့ရှိ မရှိဆိုတာ အပြီးသတ်ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်ထားတာဖြစ်ပါတယ်။
UNFC အဖွဲ့က တောင်းဆိုထားတဲ့ အချက် ၈ ချက်ထဲက အစိုးရနဲ့ တပ်မတော်က အပစ်ရပ်စဲကြောင်း သဘောတူ ညီချက်ရပြီးနောက် ၂၄ နာရီအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာဖို့နဲ့ လွတ်လပ်မှု၊ တရားမျှတမှုကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီအရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားဖို့ဆိုတဲ့ အချက်နှစ်ချက်သာ ဆွေးနွေးဖို့ ကျန်နေတာဖြစ် တယ်လို့လည်း သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။
UNFC က တောင်းဆိုထားတဲ့ အချက်တွေထဲမှာ ၂၁ ပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို ရေးဆွဲဖို့၊ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့နှစ်ဖက်လုံးက ယုံကြည်တဲ့ နိုင်ငံတကာက အစိုးရကိုယ်စားလှယ်တွေ ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှာ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့တို့ ပါဝင်ပါတယ်။ SSPP/SSA အဖွဲ့ဟာ UNFC ကနေ နှုတ်ထွက်ခွင့်ပြုဖို့ တောင်းဆိုထားတဲ့ အဖွဲ့ဖြစ်ပါတယ်။