အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရဖိတ်ခေါ်
2019.03.15

NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC က ဖိတ်ခေါ်လိုက်ပါတယ်။
မတ်လ ၂၂ ရက်နေ့မှာတော့ လာရောက်ဆွေးနွေးမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီကို တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က သီးသန့်ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။
ဖိတ်ခေါ်ထားတဲ့ အဖွဲ့အစည်းက ခေါင်းဆောင် ၁ ဦးနဲ့ အဖွဲ့ဝင် ၁ ဦးစီကို တစ်ဖွဲ့ချင်းစီအလိုက် တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးလို့တဲ့ အဖွဲ့တွေဟာ ကြိုတင်အကြောင်းပြန်ကြားပေးဖို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး လက်မှတ်နဲ့ ဖိတ်ကြားလိုက်တာဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဦးဆောင်တဲ့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ တိုင်းရင်းသား ခေါင်းဆောင်တွေအကြား မဆွေးနွေးရသေးတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖြစ်၊ မဖြစ်ကို မပြောနိုင်သေးကြောင်း RFA ကို ပြောပါတယ်။
KNPP အဖွဲ့ကတော့ ဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က ဆွေးနွေးချက်ပေါ်မူတည်ပြီး ပြန်လည်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
လာမယ့် မတ်လ ၂၁ ရက်နေ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ NRPC ရုံးမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တတ်ရောက်ဖို့ NCA လက်မှတ်မရေးထိုးရသေးတဲ့ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ မိုင်းလားတပ်မတော် NDAA အဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ KNPP စတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကို မနေ့က ဖိတ်ကြားလိုက်တာပါ။
KIA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ဆွေးနွေးပွဲဖိတ်စာကိုရရှိကြောင်းနဲ့ အဖွဲ့အတွင်း အစည်းအဝေး မလုပ်ရသေးတာကြောင့် ဆွေးနွေးပွဲ တက်၊ မတက်ကို မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
"ဗဟိုကော်မတီရဲ့ဆုံးဖြတ်အပေါ်မှာဘဲ မူတည်ပြီး ပြန်ပြောရမှာဖြစ်ပါတယ်၊ ခုလောလောဆယ် ဘာမှမဆုံးဖြတ်ရသေးလို့ ဘာမှပြောလို့မရသေးပါဘူး"
KNPP အဖွဲ့ကတော့ NRPC ကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တတ်ရောက်မှာဖြစ်ပြီး အစိုးရနဲ့ တပ်မတော် ပြောကြားချက်တွေကို ဆွေးနွေးသွားမယ်လို့ အတွင်းရေးမှူး ဦးပလူးရယ်က ပြောပါတယ်။
“သဘောအရတော့ တတ်ဖို့တော့ရှိပါတယ်၊ ဆွေးနွေးဖို့ကိစ္စကတော့ ရှိနေဆဲငြိမ်းချမ်းရေးကို ဆွေးနွေးမယ်ပြောတော့ ဆွေးနွေးမယ့်အပေါ် မူတည်လိမ့်မယ်၊ ကျနော်တို့ဘက်တော့ ပြင်ဆင်ထားတာ မရှိသေးပါဘူး”
ဖိတ်ကြားခံရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NRPC အဖွဲ့နဲ့တွေဆုံပြီး မတ်လ ၂၁ ရက်နေ့မှာ တပ်မတော်နဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။
တပ်မတော်ကထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ထုတ်ခဲ့တဲ့ စစ်တိုင်း ၅ ခုမှာ လေးလတာ အပစ်ရပ်တဲ့ကိစ္စကို တစ်ဖွဲ့ချင်စီနဲ့ ဆွေးနွေးမှာဖြစ်ကြောင်းနဲ့ ဆွေးနွေးလိုတဲ့အဖွဲ့တွေနဲ့ ကြိုတင်အကြောင်းကြားပေးဖို့လည်း ဖိတ်စာမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့နဲ့ တိုက်ပွဲတွေ ပြင်းထန်နေသလို SSPP/SSA ၊KIA အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသ ူခိုင်သုခကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးအဖွဲ့အတွင်း ဆွေးနွေးနေဆဲဖြစ်တာကြောင့် တက်ဖြစ်၊ မတက်ဖြစ်ကို ပြောလို့မရသေးကြောင်း RFA ကို ပြောပါတယ်။
ဒီလိုတိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာ အခုလို ဆွေးနွေးပွဲလုပ်တာဟာ ကောင်းမွန်ပြီး ရလဒ်ကောင်းတွေတော့ အများကြီးမျှော်လင့်လို့ မရသေးဘူးလို့ နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးက ပြောပါတယ်။
“လောလောဆယ် ထိတွေမှုနည်းပြီးတော့ တချို့အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေချိန်မှာ ထိတွေမှုတစ်စုံတစ်ရာလုပ်တာက ကောင်းတဲ့ကိစ္စလိုပဲပြောရမှာပေါ့၊ လောလောဆယ် ဒီတွေ့ဆုံမှုကနေပြီးတော့ ရလဒ်ကောင်းတွေ အများကြီးပေါ်ထွက်မယ်လို့တော့ မျှော်လင့်လို့မရသေးဘူး၊ ဒီထိတွေ့မှုတွေကတဆင့် နောက်ဆွေးနွေးမှုတွေ နောက်ထပ်ဖြစ်လာဖို့ဘဲ မျှော်လင့်လို့ရမယ်လို့ ထင်တယ်”
ပြီးခဲ့တဲ့ရက်ပိုင်းတွေက NCA လက်မှတ်မရေးထိုးရသေးတဲ့ KNPP၊ SSPP အဖွဲ့တွေဟာ နေပြည်တော်မှာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့သလို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာလည်း ပြီးခဲ့တဲ့လက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တေ့ွဆုံတာတွေရှိခဲ့ပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ ဒီအစည်းအဝေးဟာ NCA မထိုးရသေးတဲ့အဖွဲ့တွေရေးထိုးအောင် အစိုးရက ရှင်းပြဖို့ဖိတ်တဲ့ပွဲလို့မြင်ကြောင်း ပြောပါတယ်။
“ကူမင်းကိုသွားပြီးတော့ အပစ်မရပ်ရသေးတဲ့မြောက်ပိုင်းက ၇ ဖွဲ့ကိုရှင်းပြခဲ့တာလည်းရှိတယ်၊ အဲဒါတွေကတော့ NCA လက်မှတ်ရေးထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါလာဖို့ အဓိကရှင်းပြခဲ့တာတွေရှိတယ်၊ အဲဒါပြီးတော့ SSPP နဲ့ တွေ့တာရှိတယ်၊ မကြာမီရက်ပိုင်းမှာ KNPP နဲ့ တွေ့ဖို့ပြင်ဆင်နေတော့ အဲဒီကနေ NCA လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့တွေ လက်မှတ်ရေးထိုးဖို့ ရှင်းလင်းတင်ပြနိုင်ဖို့ ဖိတ်ကြားတယ်လို့ ကျနော်မြင်တယ်”
ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ တပ်မတော်နဲ့ဆွေးနွေးမှာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
ဒီဆွေးနွေးပွဲဟာ တတိယအကြိမ် ပင်လုံညီလာခံအပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ ပြန်လည်အသက်ဝင်လာတာကို ကြိုဆိုကြောင်းနဲ့ ဒီဆွေးနွေးပွဲမှာ အဖြေမထွက်နိုင်ဘဲ ငြိမ်းချမ်းရေးအတွက် လမ်းစပေါ်လာပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။