ARSA မှအပ ငြိမ်းချမ်းရေးမှာ လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးအပေါ် SSPP ဒုက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်း ပြော


2019.02.22
pc-meet-sspp-622.jpg အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ SSPP/SSA ဒုက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်း တို့ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နေပြည်တော် NRPC မှာ တွေ့ဆုံစဉ်
Photo: Win Ko Ko Latt/RFA

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အနေနဲ့ လက်ရှိသွားနေတဲ့ NCA လမ်းကြောင်းကို မဆန့်ကျင်ကြောင်းနဲ့ NCA မှာ မပြည့်စုံသေးတာတွေရှိတဲ့အတွက် တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်ရေး ဖြစ်မလားသေးတာဖြစ်ပြီး အားလုံးပါဝင်နိုင်ရေးလို့ ဆိုရာမှာလည်း သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောနေကြတဲ့ ဘင်္ဂါလီတွေ မပါဝင်ကြောင်း  SSPP ဒုက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်းက ပြောလိုက်ပါတယ်။

နေပြည်တော် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ဒီနေ့ ကျင်းပတဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တွေ့ဆုံပွဲမှာ ဒုက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်းက အဲဒီလို ပြောခဲ့တာပါ။

တဆက်တည်းမှာပဲ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ တပ်ပိုင်းဆိုင်ရာတွေကို ဆွေးနွေးသွားမယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ ပြောပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်က ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီက SSPP/SSA ဒုက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်း ဦးဆောင်တဲ့ အဖွဲ့တို့ ဒီနေ့ နေပြည်တော်က NRPC မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ တပ်မတော်က စစ်တိုင်းငါးခုမှာ လေးလတာ အပစ်ရပ်ကြေညာပြီးနောက် ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာလည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဗဟိုဌာနအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘောဆွေးနွေးမှုတွေ အများကြီး ဆောင်ရွက်ထားပေမယ့် တရားဝင်တွေ့ဆုံတာကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ပထမဦးဆုံးလို့ သိရပါတယ်။

အောင်မြင်တဲ့ တွေ့ဆုံပွဲဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင်းက အခုလို ပြောပါတယ်။

"ဒီအစည်းအဝေးက အောင်မြင်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ ယုံကြည်မှုတည်ဆောက်တာကနေတဆင့် တိုးတက်လာတာကို တွေ့ရပါတယ်"

ဒီကနေ့ ဆွေးနွေးရာမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေ မပါဝင်သေးပေမယ့် ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊ NCA ရေးထိုးရင် စိုးရိမ်ချက်တွေ ဘယ်လိုရှိတယ် စတာတွေကို ဆွေးနွေးကြပြီး အောင်မြင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောကြပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အနေနဲ့ NCA ထိုးနိုင်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

"NCA ထိုးနိုင်ဖို့ ကြားထဲမှာ ဘာတွေအခက်ခဲရှိလဲပေါ့နော်။ နောက်တစ်ဆင့်နဲ့တစ်ဆင့် ဘယ်လိုတွေ သွားနိုင်မလဲဆိုတာ ကျနော်တို့ ဆွေးနွေးတယ်။ သို့သော် သူတို့ဘက်ကလည်း ဟိုဘက်မှာပြန်ပြီးတော့ တင်ပြရမယ့်ကိစ္စတွေရှိတယ်။ ကျနော်တို့ဘက်မှာလည်းရှိတယ်။ နောက်ထပ်လည်း အမြန်ဆုံးတွေ့ဆုံဖို့ ရှိပါတယ်"

ဒါ့အပြင်တပ်မတော်က အပစ်ရပ်ကြေညာထားတဲ့ အချိန်ကနေ ဒီကနေ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တပ်နေရာချထားရေးအပါအဝင် ပြဿနာတွေမရှိတဲ့အတွက် ပဋိပက္ခတွေကိုရှောင်ရှားနိုင်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

NCA လမ်းကြောင်းကို မဆန့်ကျင်ကြောင်းလည်း ရှမ်းပြည်တိုးတက်ရေးပါတီSSPP ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ခွန်ဆိုင်းက ပြောပါတယ်။

"လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး NCA လမ်းကြောင်းကို ကျနော်တို့ မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ NCA မှာ တချို့အနေနဲ့ မပြည့်စုံသေးတာရှိတော့ ဥပမာ အားလုံးပါဝင်နိုင်ရေးတို့ ဆိုလို့ရှိရင် ဖြစ်မလာဘူး။ အားလုံးပါဝင်နိုင်ရေးဆိုရင် ကျနော်တို့ဟာ သူတို့ကိုသူတို့  ရိုဟင်ဂျာလို့ ခေါ်ဆိုနေတဲ့ ဘင်္ဂါလီတွေတော့ မပါဘူးဗျ"

တဆက်တည်းမျာပဲ NCA စာချုပ်ဟာ မပြည့်စုံသေးကြာင်းနဲ့ NCA ဟာ နောက်ဆုံးရည်မှန်းချက်မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲ အေးအေးချမ်းချမ်း ဆွေးနွေးနိုင်ဖို့ နည်းနာတခုသာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။