ယူနတီ သတင်းထောက်တွေ ထောင် ဒဏ်လျှော့ပေးရေး အောင်လံမှာ ဆန္ဒပြ

မီဒီယာဖိနှိပ်မှုရပ်တန့်ပေးဖို့နဲ့ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးရဲ့ ပြစ်ဒဏ်တွေ ကို လျော့ပေးဖို့အတွက် မကွေးတိုင်းဒေသကြီး၊ အောင်လံ မြို့က မြို့နယ်တရားရုံးရှေ့မှာ သတင်းထောက် ၂၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေကို အလုပ်ကြမ်း နဲ့ထောင်ဒဏ် ၁ဝ နှစ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ သတင်းမီဒီယာသမားတွေက ဇူလိုင်လ ၁၁ ရက်နေ့ မနက်က ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်း ဘုရားမှာ ဝတ်ပြုဆုတောင်းစဉ် Photo: Nay Myo Htun,Kyaw Lwin Oo/RFA

မီဒီယာဖိနှိပ်မှုရပ်တန့်ပေးဖို့နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးရဲ့ ပြစ်ဒဏ်တွေ ကို လျော့ပေးဖို့အတွက် မကွေးတိုင်းဒေသကြီး ၊ အောင်လံမြို့က မြို့နယ်တရားရုံးရှေ့မှာ သတင်းထောက် ၂၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရက သတင်းသမားတွေ အပေါ် ဖိနှိပ်မှုတွေရှိတာကြောင့် ဆန္ဒပြ တာဖြစ်ကြောင်း အောင်လံမြို့ခံ သတင်းထောက် ကိုမင်းသက်ခိုင်က ပြောပါတယ်။

"ကျနော်တို့ မကွေးတိုင်းဒေသကြီးက မီဒီယာတွေ မကဘူးပေါ့၊ တခြားနိုင်ငံရေးကြောင့် အကျဉ်း ကျနေတဲ့ နိုင်ငံရေးလှှုပ်ရှားသူတွေ နောက် ပြီးတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို တင်တဲ့အခါမှာ မရတဲ့ဟာတွေကိုပေါ၊့ အခု ကျနော်တို့ အောင်လံမြို့နယ်မှာ ဆန္ဒဖော်ထုတ်တာဟာ ပထမဆုံး ခွင့်ပြုချက်ရတာပါခင်ဗျ၊ ကျန်တဲ့ ပွဲတွေမှာတော့ ခွင့်ပြုချက်မရဘူး၊ ယူနတီသတင်းသမားတွေ အယူခံတင်တဲ့အခါမှာ တိုင်းဒေသကြီး အစိုးရအနေနဲ့ အခြားတိုင်းများနည်းတူပါပဲ ဖြေလျော့မှှုလေးတွေ ပေးဖို့အတွက်ကို ကျနော်တို့ သတင်းသမားတွေ ဆန္ဒပြတာဖြစ်ပါတယ် "

ဒီနေ့ ဆန္ဒပြပွဲမှာ ရန်ကုန်၊ ပြည်၊ အောင်လံက နယ်သတင်းထောက် ၂၀ လောက်စုပေါင်းပြီး  အောင်လံမြို့ ကုသိနာရုံဘုရားကြီးရှေ့ကနေ မြို့နယ်တရားရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ယူနတီဂျာနယ်က သတင်းသမားတွေကို ထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တဲ့အပေါ် ရန်ကုန်၊ ပြည်နဲ့ မန္တလေးမြို့တွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သတင်းသမားတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org