ရှမ်းမြောက်မှာ လူသားချင်းစာနာမှုအကူအညီပေးဖို့ ဒေါ်လာတစ်သန်း သုံးမည်

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးဖို့ အမေရိကန်ဒေါ်လာ တစ်သန်းသုံးစွဲသွားမယ်လို့ UNOCHA က နိုဝင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ပါတယ်။

UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံစဉ်။ MOI

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို အရေးပေါ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ တစ်သန်းသုံးစွဲသွားမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၁၀ ရက် သတင်းထုတ်ပြန်ပါတယ်။

ဒုက္ခသည်တွေကို ဝင်ရောက်ကူညီနိုင်ဖို့ သက်ဆိုင်ရာအစုအဖွဲ့အားလုံးက တိုက်ပွဲတွေ ရပ်တန့်ပြီး အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပြုဖို့ အရေးကြီးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ လားရှိုးမြို့ကို အဓိကဆက်သွယ်ထားတဲ့လမ်းတွေ ပိတ်ဆို့ခံထားရသလို ရှမ်းပြည်နယ်မြောက်ပိုင်းက လမ်းတွေလည်း ကန့်သတ်ခံထားရတယ်လို့ ဆိုပါတယ်။

အခုပေးမယ့် အရေးပေါ်အကူအညီအတွက် အမေရိကန်ဒေါ်လာ တစ်သန်းကလည်း မြင့်မားလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူးလို့ UNOCHA က ပြောပါတယ်။

UNOCHA ရဲ့ အချက်အလက်တွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စတင်တိုက်ခိုက်ချိန်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေအပါအဝင် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး နိုဝင်ဘာလ ၉ ရက်အထိ အရပ်သား ငါးသောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၁၉ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရခဲ့သလို အနည်းဆုံး နေအိမ် ၂၀၀ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ နိုဝင်ဘာလ ၉ ရက်က တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုအတွင်း စစ်ကောင်စီနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ ဆွေးနွေး ခဲ့တယ်လို့ စစ်ကောင်စီသတင်းစာတွေက နိုဝင်ဘာလ ၁၀ ရက်မှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org