UPWC နဲ့ EAO အဖွဲ့တို့ အခုလကုန် ထပ်မံတွေ့မည်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လော် ခီးလာ ပြင်ဆင်ချက် ၁၂ ချက်ကို ဆက် လက်ဆွေးနွေးနိုင်ဖို့အတွက် အခုလ တတိ ယပတ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး EAOs’ Senior Delegation အဖွဲ့နဲ့ UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
-
2015-07-05 -
-
-
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လော်ခီးလာ ပြင်ဆင်ချက် ၁၂ ချက်ကို ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် အခုလ တတိယပတ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး EAOs’ Senior Delegation အဖွဲ့နဲ့ UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်ရက် ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူနိုင်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
“ကျနော်တို့က NCA လက်မှတ်ရေးထိုးဖို့အတွက် တံခါးတစ်ချပ်ဖွင့်လိုက်ရနိုင်ပြီပေါ့၊ ဘာလို့တုန်းဆို NCA ထိုးဖို့ ကျနော်တို့ ဆုံးဖြတ်ထားတယ်၊ ဒါပေမယ့် ကြားထဲမှာတော့ ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးဖို့ရှိတယ် ဒီ SD အဖွဲ့ကို ကျနော်တို့ ရန်ကုန်ကိုဖိတ်မယ်၊ ဖိတ်ပြီးတော့ ရန်ကုန်မှာ ဆွေးနွေးမယ် ဒါကတော့ အဆင့်တစ်ဆင့် တက်သွားပြီလို့ ကျနော်ပြောလို့ရပါတယ်။ ကျနော် အခု မှန်းထားတာတော့ ဇူလိုင် တတိယပတ် မှန်းထားတယ်၊ အခု ဒုတိယပတ် တနင်္လာနေ့ဆိုစပြီပေါ့၊့ ကျနော် ဒီတစ်ပတ်မှာ ဟိုမှာလုပ်စရာရှိတာတွေ ဆက်လုပ်မယ်၊ လုပ်ပြီးရင် ကျနော် နောက်အပတ်ကြရင် ကျနော်ဖိတ်နိုင်အောင် ကြိုးစားပါမယ်“
တိုင်းရင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၂ ချက်ထဲက အခန်း (၃) အပိုဒ် (၉)-(ဇ) ပါ ဥပဒေနှင့်အညီ ဆိုတဲ့စာသားကို ပယ်ဖျက်ဖို့နဲ့ အခန်း (၅) အပိုဒ် ၂ဝ (ဂ) ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များဆိုတာကို လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များလို့ ပြင်ဆင်ဖို့ကိစ္စ အပါအဝင် အချက် ၆ ချက်ခန့်ဟာ တပ်မတော်ဘက်က လက်ခံနိုင်မှာမဟုတ်ဘူးလို့ ဆွေးနွေးပွဲမှာ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေး EAOs’ Senior Delegation ကပေးအပ်လိုက်တဲ့ NCA စာချူပ်ပါ ပြင်ဆင်ချက်တွေကို ဝန်ကြီး ဦးအောင်မင်းက အစိုးရကို တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။
နှစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ဦးပူးဇင်ကျုံး က အခုလို ပြောဆိုပါတယ်။
"ဆွေးနွေးပွဲက တကယ့်ကိုအပြုသဘောဆောင်ပါတယ်၊ နောက် အောင်မြင်တဲ့ ဆွေးနွေးပွဲလို့လည်း ကျနော်တို့ ပြောလို့ရပါတယ်၊ ဒါနှစ်ဘက်စလုံးကလည်းပဲ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်သွားအောင် လုပ်ဆောင်မယ်ဆိုတဲ့ ကျနော်တို့ နှစ်ဘက်သဘောထားတွေ လည်း ကျနော်တို့ ချလို့ရပါတယ်၊ ခြုံပြောလို့ရတာကတော့ ကျနော်တို့ ဒီ NCA ကို ပြီးပြတ်သွားအောင် အမြန်ဆုံး ပြီးပြတ်သွားအောင် ကျနော်ဆောင်ရွက်မယ်၊ ထိုနည်းလည်းကောင်း ကျနော်တို့ ဒီ NCA ပြီးတဲ့နောက်ပိုင်း ဖရိမ်းဖော်ပေါ်လတီကယ်ဒိုင်ယာလော့ ကိုလည်း အမြန်ဆုံးပြီးပြတ်သွားအောင် ကျနော်ဆောင်ရွက်မယ် ၊ နောက် ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးကို မရမက ကျနော်တို့ ဆောင်ရွက်သွားမယ် အကောင် အထည် ဖော်သွားမယ် ဆိုတဲ့ဟာကို ကျနော်တို့ ပြောလို့ရပါတယ်"
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ကတော့ MNDAA ကိုးကန့်အဖွဲ့၊ PSLF ပလောင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့နဲ့ AA ရက္ခိုင့်တပ်မတော်တို့ပါ NCA လက်မှတ်ရေးထိုးရေးစာချူပ်မှာ ပါဝင်နိုင်တဲ့ အထိ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်တယ်လို့ ပူးဇင်ကျုံးက ဆက်ပြောပါတယ်။