ဒုက္ခသည်ပြန်ခေါ်ယူရေး မြန်မာဘက်က အဆင်သင့်မဖြစ်သေးလို့ ကုလအကြီးအကဲပြော
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေးအတွက် မြန်မာ ဘက်က လုံလုံလောက်လောက် အဆင်သင့် မဖြစ်သေးဘူးလို့ မြန်မာနိုင်ငံကို ၆ ရက်ကြာရောက် ရှိခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စ Ursula Mueller က မနေ့က ပြောပါတယ်။
-
2018-04-08 -
-
-
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေးအတွက် မြန်မာဘက်က လုံလုံလောက်လောက် အဆင်သင့် မဖြစ်သေးဘူးလို့ မြန်မာနိုင်ငံကို ၆ ရက်ကြာရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး မစ္စ Ursula Mueller က မနေ့က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တွေ့မြင်ကြားသိခဲ့ရတာတွေအရ လူတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲဖြစ်နေပြီး၊ လုံခြုံရေးအတွက်လည်း စိုးရိမ်နေကြရ၊ နေရာပြောင်းရွှေ့ရတာတွေကလည်း ဆက်ဖြစ်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်၊ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်ခေါ်ဖို့ သင့်တဲ့အနေအထားမှာ မရှိသေးဘူး လို့ ပြောဆိုခဲ့ပါတယ်။
မစ္စ Ursula Mueller ဟာ စစ်တွေမြို့နယ်ထဲက သက်ကယ်ပြင်နဲ့ ဒါးပိုင်ဒုက္ခသည်စခန်းတွေနဲ့ ဘင်္ဂလားဒေ့ရှ် ကနေ ပြန်လာကြမယ့်သူတွေအတွက် မောင်တောမြို့နယ်တွင်းမှာ ဆောက်လုပ်နေတဲ့ နေရာချထားရေး လုပ်ငန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပြီးတဲ့နောက် အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေကို အမှန်တကယ် ကိုယ့်နေရာကိုယ်ပြန်လာနေခွင့် ပြုမယ်ဆိုတာ ယုံကြည်ပါ သလားလို့ ရိုက်တာသတင်းဌာန မေးမြန်းရာမှာ၊ Ursula Mueller က လက်ရှိအခြေအနေအပေါ် အထူးတလည် စိုးရိမ်မိကြောင်း၊ မီးရှို့ခံထားရ၊ ဘူဒိူဇာနဲ့ အထိုးခံထားရတဲ့ ရွာတွေကိုသာ တွေ့မြင်ခဲ့ရပြီး၊ ပြန်လာကြမယ့်လူတွေ ကိုယ့်နေရာကိုယ်ပြန်နေကြဖို့ စီစဉ်ဆောင်ရွက်ထားတာမျိုးတွေ မတွေ့ခဲ့ရ၊ မကြားခဲ့ရကြောင်း ပြောဆိုပါ တယ်။ မြန်မာအာဏာပိုင်တွေကတော့ အဲဒါတွေဟာ ဒုက္ခသည်တွေ ပြန်လည်နေရာချထားဖို့ ဆောင်ရွက်ထား တာဖြစ်ကြောင်း ပြောဆိုတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် စိတ်ချလုံခြုံမှု မရှိသေး တာကြောင့်၊ ဒုက္ခသည်ပြန်လည်လက်ခံရေးမှာ နိုင်ငံတကာစောင့်ကြပ်မှုလိုလိမ့်မယ်လို့ ပြောဆိုကြပါတယ်။
မစ္စ Ursula Mueller ဟာ ၆ ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။