လူသားချင်းစာနာမှုဆိုင်ရာ ကုလ လက်ထောက် အထွေထွေအတွင်းရေးမှူး မြန်မာပြည်လာမည်


2019.05.07
ursula-mueller-kachin-622.jpg ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Ms. Ursula Mueller ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်က ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်းအသင်းတော်ကယ်ဆယ်ရေးစခန်းကို သွားရောက်လေ့လာစဉ်
Photo: Kyaw Myo Min/RFA

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေး ဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှုး မစ္စအာရ်ဆူလာမြူလာဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခအခြေ အနေတွေကို မေ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တစ်ပတ်ကြာ လေ့လာမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းထားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က ပြောပါတယ်။

ခရီးစဉ်အသေးစိတ်အခြေအနေတွေကိုတော့ ညှိနှိုင်းနေဆဲပဲလို့ နိုင်ငံခြားရေးဝန်ကြီးဌာနညွှန် ကြားရေးမှုးချုပ် ဦးချမ်းအေး က ပြောပါတယ်။

‘’သူက ၉ ရက်နေ့ရောက်မယ် ၁၄ ရက်နေ့အထိနေမယ်ခင်ဗျ၊ ကချင်ပြည်နယ်ရယ် ရခိုင်သွားဖို့တော့ရှိတယ်၊ ကျွန်တော်တို့ ပရိုဂရမ်အသေးစိတ်တော့ ညှိပေးနေတယ်၊ ဘယ်သွားမယ် လာလုပ်မယ်ဆိုတာတွေ၊ လူကယ်ပြန် ဝန်ကြီးနဲ့တွေ့ဖို့ရှိတယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တော့ ပြန်ပြီးအတည်ပြုလို့တော့မရသေးဘူး တွေ့ဖို့တော့ တောင်းဆိုထားတာရှိတယ်’’

မစ္စအာဆူနာမြူလာဟာ ၂၀၁၈ ခုနှစ် ဧပြီလတုန်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီတကြိမ်ခရီးစဉ် အတွင်း ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့က လူသားချင်းစာနာမှု အကူအညီလိုအပ်တဲ့ အခြေအနေတွေ၊ ပဋိပက္ခရဲ့ သက်ရောက်မှု အခြေအနေတွေကို ကိုယ်တိုင်တွေ့မြင်သိရှိနိုင်ဖို့ ရည်ရွယ်တယ်လို့ UN ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ဒီပြည်နယ် ၃ခုအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ ထိခိုက်လွယ်တဲ့ အခြေအနေရှိသူတွေအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းမှုနည်းလမ်းတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ခုတစ်ကြိမ်မှာတော့ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ပြန်လည်ဆန်းစစ်သုံးသပ်မယ့် ခရီးစဉ်ဖြစ်မယ်လို့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

ကချင်ပြည်နယ်ထဲက ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆောင်ရွက်နေတဲ့ KHCC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က အခုလိုပြောပါတယ်။

‘’ကချင်နဲ့ ရှမ်းမြောက်မှာဆိုရင် အခု NRPC နဲ့ KHCC ကျွန်တော်တို့ IDP နေရပ်ပြန်ရေး ပေါင်းစုံကော်မတီဖွင့် ထားတဲ့ ကြေညာချက်တွေလည်းရှိတယ်ဆိုတော့ အဲဒါတွေကိုလည်း လာလေ့လာရင်းနဲ့ ကြည့်တာနေမှာ၊ ကျွန်တော်တို့ကိုတော့ ခုထက်ထိ UN ကတော့ တရားဝင် တွေ့ဆုံဖို့တော့ မပြောထားသေးဘူး၊ ကချင်နဲ့ ရှမ်းမြောက်မှာတော့ နဲနဲတိုးတက်မှုတွေတော့ရှိတယ်ဆိုတာကိုတော့ သူတွေ့သွားနိုင်ပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့နေရပ်ပြန်ရေးကိစ္စတွေ၊ တိုက်ပွဲတွေလျော့သွားတဲ့ကိစ္စတွေ၊ သက်တမ်းတိုးတဲ့ကိစ္စတွေ တိုးတက်မှုတော့ နဲနဲတွေ့မယ်လို့တော့ ယုံကြည်ပါတယ်’’

လက်ရှိကချင်ပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည်စုစုပေါင်း ၈ သောင်းကျော်ရှိနေပြီး ဒုက္ခသည် စခန်းပေါင်း ၇၀ ဝန်းကျင်လောက်ရှိတယ်လို့ KHCC က ပြောပါတယ်။

ရခိုင်ပြည်နယ်ကိုလည်း သွားရောက်မှာဖြစ်တဲ့အတွက် လက်ရှိအစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ တွေ့ဆုံနိုင်ခြေရှိတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

‘’လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးပေးနိုင်တဲ့အဆင့် နည်းလမ်းတွေကို ရှာမယ်ဆိုတဲ့ အဲဒီအဖွဲ့နဲ့ UN က သွားတယ်၊ ဒီလိုမျိုး UN က လာတာဟာ မလာတာထက်စာရင်ကောင်းတယ်၊ မြန်မာနိုင်ငံအစိုးရအနေနဲ့ကလည်း နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ချက်တွေက လုပ်နိုင်သလောက်လုပ်ရမှာဖြစ်တယ်၊ အဲဒါမှလည်း ဖြစ်ပျက်နေ တဲ့ပြဿနာကို ကိုယ်တစ်ယောက်တည်း ဖြေရှင်းတာမျိုးမဟုတ်ဘဲ နိုင်ငံတကာနဲ့ ဝိုင်းဖြေရှင်းတာမျိုးုဖြစ်သွားမယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ပေါင်းများစွာမဖြေရှင်းနိုင်ဘဲနဲ့ နောက်ထပ်မဖြစ်လာအောင် တားမြစ်လို့ မရတဲ့ပြဿနာဖြစ်တယ်၊ ဒီဟာတွေကို ပွင့်ပွင်းလင်းလင်းပြောရမယ် အသိအမှတ်ပြုရမယ် ’’

လူ့အခွင့်အရေးလှုပ်ရှားသူ မချယ်ရီဇဟောင် ပြောသွားတာပါ။

လက်ရှိရခိုင်ပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၃၈၀၀၀ ရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC က ထုတ်ပြန်ထားပြီး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ကတော့ ဧပြီ ၂၁ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေ ၃၂၀၀၀ လောက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပထမအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်မှာတော့ မစ္စအာဆူနာမြူလာဟာ မွတ်ဆလင်ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒေသခံစစ်ဘေးဒုက္ခသည်တွေဆီ သွားရောက်တွေ့ဆုံမလား ဆိုတာ စောင့်ကြည့်ရမယ်လို့ သုံးသပ်ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။