အမေရိကန် လျှော့ချပေးမှု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆို

အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချ ပေးလိုက်တာကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံ ကြိုဆိုကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က နေပြည်တော်၌ ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက် လာသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် Photo: NLD facebook

အမေရိကန် အစိုးရရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး အထွေအထူး စိတ်ပျက်စရာ မရှိကြောင်း၊ အမေရိကန် အစိုးရအနေနဲ့ လုပ်စရာ ရှိတာကို လုပ်တာပဲ ဖြစ်ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန် အစိုးရက အခုလို ဆောင်ရွက်တာဟာ ထူးထူးခြားခြား မဟုတ်တဲ့အကြောင်း၊ မိမိ အရင်တုန်းက ပြောခဲ့တဲ့ အတိုင်း မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE အနေနဲ့ ပွင့်လင်း မြင်သာမှုရှိဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေး တောင်းဆိုသင့်ကြောင်း ဒီကနေ့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အဖွဲ့ကလည်း အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှု လျော့ချပေးလိုက်တာကို ထောက်ခံ ကြိုဆိုလိုက်ကြပါတယ်။ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကျန်နေသေးတဲ့ ပိတ်ဆို့မှုတွေကိုလည်း အမြန်ဆုံး ရုပ်သိမ်းပေးဖို့ အာဆီယံအဖွဲ့က ထပ်မံ တောင်းဆိုတယ်လို့ သိရပါတယ်။

ဒီ အတောအတွင်း အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE ဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေသလို အရင် စစ်အစိုးရတွေ အာဏာရဖို့ အတွက် ကျားကန် ပေးခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက သဘာဝ အရင်းအမြစ် စီမံကိန်းတွေထဲက ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း တစ်ခုတည်းတင် မြန်မာအစိုးရအတွက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ငါးရာ ရရှိနေတယ်လို့ အမေရိကန် လွှတ်တော်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org