မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ အမေရိကန်သံရုံး ထပ်မံသတိပေး

RFA Burmese
2024.01.26
မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ အမေရိကန်သံရုံး ထပ်မံသတိပေး ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် စောင့်ကြပ်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
AFP

လက်နက်ကိုင်တိုက်ပွဲတွေ နေရာအနှံ့မှာဖြစ်နေပြီး စစ်ကောင်စီက ဥပဒေမဲ့ဖမ်းဆီးနေတာကြောင့် အမေရိကန် နိုင်ငံသားတွေ မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇန်နဝါရီ ၂၅ နေ့က ထပ်မံသတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံကို သွားရောက်လည်ပတ်တာမျိုး မလုပ်ဖို့ အရင်ကထုတ်ပြန်ထားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခရီးသွားအကြံပြုချက်တွေကို ဖြည့်စွက်ပြင်ဆင်ပြီး "အဆင့်-၄" အမြင့်ဆုံးသတိပေးချက်အဖြစ် သံရုံးဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထပ်မံသတိပေးလိုက်တာပါ။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်၊ အာဏာသုံးပြီး မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ လုပ်နေတယ်၊ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေတယ်၊ မပေါက်ကွဲသေးဘဲ ကျန်နေသေးတဲ့ လက်နက်ခဲယမ်းတွေ ရှိနေသေးတယ်လို့ သံရုံးသတိပေးချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ တင်းကျပ်လွန်းတဲ့ အမိန့်ထုတ်ပြန်ချက်နဲ့ စည်းကမ်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ မတရား ဖမ်းဆီးခံရနိုင်ပြီး ဖမ်းဆီးခံခဲ့ရရင်လည်း တရားရေးဆိုင်ရာ ခုခံချေပခွင့်တွေ၊ မျှတတဲ့ တရားစီရင်ရေးတွေ ရနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

သံရုံးဝန်ထမ်းတွေတောင် ရန်ကုန်ပြင်ပကိုထွက်ရင် ခွင့်ပြုချက်ယူပြီးမှ ခရီးထွက်ရတာကြောင့် မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတဲ့ အရေးပေါ်ကိစ္စတွေကို ကူညီဆောင်ရွက်ပေးဖို့ ကန့်သန့်ချက်တွေရှိနေတယ်၊ အသက် ၂၁ နှစ်အောက် မှီခိုသူတွေလည်း မြန်မာနိုင်ငံမှာလုပ်နေတဲ့ အမေရိကန်အစိုးရ ဝန်ထမ်းတွေနဲ့အတူ လိုက်ပါခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေကြသလို ရန်ကုန်မြို့ပေါ်မှာလည်း လက်လုပ်ဗုံးနဲ့ မိုင်းတွေ အသုံးပြု တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လအထိ ရန်ကုန်မြို့ပေါ်က စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တစ်လကို ပျမ်းမျှ ၁၄ ကြိမ်လောက် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး၊ မပေါက်ကွဲခင် ကြိုတင်သိရလို့ ဖျက်ဆီးနိုင်ခဲ့တဲ့ အကြိမ်က တစ်လကို ပျှမ်းမျှ ကိုးကြိမ်ရှိခဲ့တယ်လို့ ရန်ကုန်အမေရိကန်သံရုံးက ဖော်ပြပါတယ်။

ဒါ့အပြင် ဆိုရှယ်မီဒီယာအကောင့်တွေကနေ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တဲ့ အရေးသားမျိုးတွေလုပ်ရင် ဖမ်းဆီးတာတွေ၊ ပြည်နှင်ဒဏ်ပေးတာတွေလည်း လုပ်နိုင်တယ်လို့ သတိပေးထားပါတယ်။

အမေရိကန်သံရုံးရဲ့ သတိပေးချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။