မြန်မာစစ်တပ်ကို အရေးယူနိုင်မယ့်ဥပဒေ အမေရိကန်အောက်လွှတ်တော် အတည်ပြု

2022.04.06
မြန်မာစစ်တပ်ကို အရေးယူနိုင်မယ့်ဥပဒေ အမေရိကန်အောက်လွှတ်တော် အတည်ပြု (အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Gregory W. Meeks)
Photo:AFP

မြန်မာစစ်တပ်ကိုအရေးယူနိုင်ဖို့ အမေရိကန်မှာကြိုးပမ်းနေတဲ့ Burma Act 2021 ဆိုတဲ့ဥပဒေကို အမေရိကန်အောက်လွှတ်တော်က ဧပြီလ ၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကို အတည်ပြုလိုက်တဲ့အတွက် မြန်မာစစ်တပ်အနေနဲ့ ၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီး အကြမ်း ဖက်တဲ့အတွက် လူ ၁၇၀၀ လောက်သေဆုံးခဲ့ရတာ၊ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ လုပ်ရပ်တွေ အတွက်တာဝန်ယူရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သတင်းစကား ပေးလိုက်တာဖြစ်တယ်လို့ အမေရိကန် အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ဂရက်ဂိုရီ မိခ်စ် (Gregory W. Meeks) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခွင့်ရနေတဲ့ အတွက် မိမိကိုယ်မိမိ ဂုဏ်ယူတယ်လို့လည်း Mr. Meeks က ကြေညာချက်မှာ ရေးသားထားပါတယ်။

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Global Witness ကလည်း Burma Bill ကို အောက်လွှတ်တော်က အတည်ပြုလိုက်တာကို ကြိုဆိုကြောင်း ပြောဆိုလိုက်ပြီး အထက်လွှတ်တော်ကလည်း အတည်ပြုပေးဖို့ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဒီဥပဒေကို “Burma Unified through Rigorous Military Accountability Act of 2021” ဒါမှမဟုတ် “BURMA Act of 2021” လို့လည်းခေါ်တွင်ပါတယ်။

ဒီဥပဒေကို လွှတ်တော်နှစ်ရပ်လုံးမှာ အတည်ပြုပြီး သမ္မတကလက်မှတ်ထိုးအတည်ပြုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့တာကို ကူညီပံ့ပိုးခဲ့တဲ့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေကို အရေးယူပိတ်ဆို့ဖို့၊ အခြေခံလွတ်လပ်ခွင့်ပိတ်ပင်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အရပ်သားတွေကို အကြမ်းဖက်နှိပ်စက်တာတွေနဲ့ အခြားလူမဆန်တဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာမယ့်အကျိုးဆက် အားလုံးကို တာဝန်ယူခိုင်းနိုင်မယ့် လုပ်ပိုင်ခွင့်တွေရရှိလာမှာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာလည်း မြန်မာ့ဒီမိုကရေစီရေးအတွက် အထူးညှိနှိုင်းဆောင်ရွက် ရေးမှူး တစ်ဦးခန့်အပ်ခွင့်ရမှာဖြစ်ပြီး၊ မြန်မာ့အရေးကြိုးပမ်းနေတဲ့ အမေရိကန်အစိုးရတွင်းဌာနတွေကြား ညှိနှိုင်းဆောင်ရွက်ခွင့်၊ နိုင်ငံတကာက ဘက်စုံပိတ်ဆို့အရေးယူအောင် ကြိုးပမ်းမယ့် လုပ်ပိုင်ခွင့်လည်း ရမှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်နဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေတဆင့် အရပ်ဖက်အဖွဲ့တွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်မယ့်လုပ်ပိုင်ခွင့်ရမှာဖြစ်ပြီး ကုလသမဂ္ဂက မြန်မာစစ်ကောင်စီကို ထိထိရောက်ရောက်အရေးယူအောင် အမေရိကန်အစိုးရက ဖိအားပေးဖို့ တောင်းဆို တိုက်တွန်းခွင့် ရလာမှာဖြစ်ပါတယ်။

ဒီဥပဒေအရ ၂၀၁၂ ခုနှစ်ကစပြီး ရိုဟင်ဂျာ ဒါမှမဟုတ် တခြားတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ သုံးသပ်တင်ပြချက်၊ မြန်မာနိုင်ငံမှာ ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေ ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်ရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး စတာတွေနဲ့ပတ်သက်လို့ ဒီဥပဒေ အတည်ပြုတဲ့နေ့ကစပြီး သုံးလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်ကော်မတီတွေကို အစီရင်ခံစာ တင်သွင်းရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။