စစ်ကောင်စီထိန်းချုပ်ဘဏ်တွေကို အမေရိကန် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်မည်
အမေရိကန်အစိုးရဟာ မြန်မာစစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်ဖို့အတွက် ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ဖို့ စီစဉ်နေပါတယ်။
- 2023-06-21
-
-
-
အမေရိကန်ပြည်ထောင်စုက မြန်မာစစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်ဖို့ အတွက် ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ဖို့ စီစဉ်နေတယ်လို့ ဒီနေ့ထုတ် ရိုက်တာ သတင်းက ထိုင်းသတင်းမီဒီယာရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရေးသားဖော်ပြပါတယ်။
ထိုင်းသတင်းမီဒီယာတွေရဲ့ ဇွန်လ ၂၀ ရက်နေ့က ဖော်ပြချက်မှာ အမေရိကန်အစိုးရဟာ မြန်မာအစိုးရရဲ့ နိုင်ငံခြားကုန်သွယ်ရေးဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ကို ဇွန် ၂၁ ရက် ဒီနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်မယ့်အကြောင်း ကြေညာဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နီးစပ်သူနှစ်ဦးက ဒီ သတင်းတွေဟာ မှန်ကန်ကြောင်း ရိုက်တာ သတင်းဌာနကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေကို ပိတ်ဆို့တားဆီးတာ အပါအဝင် အာဏာသိမ်းမှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် တာဝန်ခံမှု ရှိလာအောင် ကြိုးပမ်း နေတဲ့အကြောင်းနဲ့ အမေရိကန် ဒေါ်လာကို မြန်မာ စစ်ကောင်စီ အသုံးပြုလို့မရအောင် တားဆီးဖို့ ရည်ရွယ်ထားတယ်လို့ ထိုင်းနိုင်ငံ အမေရိကန် သံရုံးက ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အမေရိကန်နိုင်ငံဘက်က ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ စိုးရိမ်မှုမရှိတဲ့အကြောင်း မြန်မာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အရင်ကလည်း ပိတ်ဆို့အရေးယူမှု အမျိုးမျိုး ကြုံခဲ့ဖူးတဲ့အတွက် နိုင်ငံပိုင်ဘဏ်တွေကို အရေးယူမှုအသစ်တွေ ချမှတ်လာရင်လည်း ဆုံးရှုံးမှုရှိမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက အင်္ဂါနေ့က မြဝတီ သတင်းချယ်နယ်မှာ ပြောသွားပါတယ်။