လူမှုကွန်ရက်စောင့်ကြည့်ရေးအဖွဲ့ ဘက်လိုက်မှုရှိနေကြောင်း USDP လွှတ်တော်မှာတင်ပြ
သမ္မတ အထူးရန်ပုံငွေနဲ့ ထည်ထောင်ထားတဲ့ လူမှုကွန်ရက်စောင့်ကြည့် ထိန်းကျောင်းရေးအဖွဲ့ SMMT ဟာ အစိုးရဘက်ကိုလိုက်ပြီး လူမှုကွန်ရက် အသုံးပြုတဲ့သူတွေအကြား ခွဲခြားဆက်ဆံနေတာကြောင့် ထိန်းကျောင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးသောင်းအေးရဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က လက်ခံလိုက်ပြီး၊ ဆက်လက် ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
-
သီဟထွန်း၊ သက်စုအောင်
2020-08-25 -
-
-
သမ္မတ အထူးရန်ပုံငွေနဲ့ ထည်ထောင်ထားတဲ့ လူမှုကွန်ရက်စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ SMMT ဟာ အစိုးရဘက်ကိုလိုက်ပြီး လူမှုကွန်ရက် အသုံးပြုတဲ့သူတွေအကြား ခွဲခြားဆက်ဆံနေတာကြောင့် ထိန်းကျောင်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDPက ဦးသောင်းအေးရဲ့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က လက်ခံလိုက်ပြီး၊ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လူမျိုးရေး ဘာသာရေး အမုန်းစကားတွေ တိုးပွားပြီး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လုပ်ဆောင်သူတွေကို ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ သမ္မတရဲ့ အထူးရန်ပုံငွေ ကျပ်သန်းပေါင်း ၆၀၀၀ ကျော် အသုံးပြုထားတဲ့ လူမှုကွန်ရက်စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ SMMT ကို ပြန်လည်ထိန်းကျောင်းပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးရဲ့ အဆိုကို ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာပါ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဘာ့ကြောင့် အဆိုတင်သွင်းရသလဲဆိုတဲ့ RFA ရဲ့ မေးမြန်းချက်ကို အခုလို ရှင်းပြပါတယ်။
"ခုန ဖွဲ့ထားတဲ့ SMMT က စောင့်ကြည့်ရေးအဖွဲ့က သူဖြုတ်ချင်တာတွေ ဖြုတ်တယ်။ မဖြုတ်ချင်တာတွေ မဖြုတ်ဘူး။ အဲလိုဖြစ်နေတော့၊ အဓိကအားဖြင့်တော့ အစိုးရကို Back up ပေးသလိုဖြစ်နေတယ်လေ။ ဘယ်လိုလုပ်နေတယ်၊ ဘယ်ဥပဒေတွေနဲ့ ဘာလုပ်နေတယ်ဆိုတာ ပြည်သူတွေကို ချပြဖို့ လိုတယ်။ နောက်တစ်ခုက နည်းပညာတွေ သုံးပြီးတော့ အခုလို အတိုက်အခံဘက်ကပဲ ဖြစ်ဖြစ်၊ အစိုးရဘက်ကပဲဖြစ်ဖြစ် လုပ်လာလို့ရှိရင် ကိုယ်တို့ ရွေးကောက်ပွဲက မမျှတမှုတွေ ဖြစ်သွားနိုင်တယ်။ အထူးသဖြင့်ကတော့ ရွေးကောက်ပွဲမှာ တရားမဲ့မှုတွေ မဖြစ်စေချင်တာပါပဲ။ ဒါကြောင့်မိုလို့ ဒါလေးအောင်မြင်သွားတယ်ဆိုတော့ အစိုးရအနေနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ ထိန်းကျောင်းပေးသွားနိုင်တယ်ဆိုရင်တော့ လာမယ့် ရွေးကောက်ပွဲက နည်းနည်း လူတွေ စိုးရိမ်နေသလိုပေါ့ နည်းပညာ အထောက်အကူနဲ့ လုပ်လာမယ့် လမ်းကြောင်းတွေက နည်းနည်း သက်သာသွားစေနိုင်တာပေါ့။"
ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့က Community Standard နဲ့ မညီလို့ဆိုပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ် အကောင့်တွေကို ပိတ်သိမ်းဖြုတ်ချတဲ့အထဲမှာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီ တချို့ရဲ့ အကောင့်တွေနဲ့ အစိုးရကို ဝေဖန်နေတဲ့ တချို့သူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ပါဝင်တယ်လို့လည်း ဦးသောင်းအေးက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီး ကန့်ကွက်သူ ရှိ၊ မရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီးခွန်မြတ်က မေးမြန်းရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေ အမည်စာရင်းပေးဖို့ ကြေညာခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်မှာ အဲဒီအဆိုကို ဆက်လက်ဆွေးနွေးမယ့် ကိစ္စအပါအဝင်၊ လူမှုကွန်ရက် စောင့်ကြည့် ထိန်းကျောင်းရေး အဖွဲ့ SMMT အဖွဲ့နဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ ညနေပိုင်းအထိ တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာ အောင်ရှင်ကတော့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေရဲ့ SMMT အဖွဲ့အပေါ် ဝေဖန်ချက်တွေကို ငြင်းဆန်သွားပါတယ်။
"သူတို့ စိုးရိမ်ဖို့ဆိုတာက အဲဒီ အကောင့်အတု ဘာညာလုပ်လို့ စိုးရိမ်မှုဆိုတာထက် ပြည်သူလူထုက သူတို့ကို မဲပေးဖို့၊ မပေးဖို့ဆိုတာကိုပဲ သူတို့ စိုးရိမ်ဖို့လိုတယ်လို့ ကျနော်ထင်တယ်၊ အစိုးရကတော့ သူလုပ်စရာရှိတာကို သူဆက်လုပ်သွားမှာပဲ လုပ်နေမှာပဲ၊ သူတို့ဘယ်လောက်ပဲ အပြစ်တင်နေနေ လုပ်စရာရှိတဲ့အလုပ်ကို ဆက်ပြီးတော့ လုပ်သွားမယ်။ လူထုရဲ့ ထောက်ခံမှုကလည်း သူတို့ ဘယ်လောက် စွပ်စွဲ စွပ်စွဲ လူထုရဲ့ ထောက်ခံမှုကလည်း ရှိနေမှာပဲလို့ ကျနော်တော့ ပြောချင်ပါတယ်။"
NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန် ခေါ် မောင်တင်သစ်ကလည်း ဒီအဆိုကို ဆက်လက်ဆွေးနွေးဖို့ NLD ကိုယ်စားလှယ်တွေက လက်ခံခဲ့တာဟာ ဘာကြောင့်လဲဆိုတာကို ရှင်းပြပါတယ်။
"မကန့်ကွက်ဘူးဆိုတာက ဒီအဆိုပေါ် NLD က ထောက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး၊ အဲတော့ ကျနော်တို့က လွှတ်တော်ကနေပြီးတော့ လက်ခံဆွေးနွေးပေးဖို့ကိစ္စကို မငြင်းပယ်လိုက်တာပဲ ရှိတယ်၊ ဒီအဆိုကို ထောက်ခံတာမဟုတ်ဘူး၊ နောက်တစ်ချက်က ဒီမှာစွပ်စွဲချက် တချို့ကိုလည်း ကျနော်တို့ တွေ့ရတယ်။ အစိုးရက ဘက်လိုက်ပြီးတော့ စိစစ်မှုပြုတယ်ဆိုတဲ့ စွဲချက်မျိုးပေါ့၊ ကျနော် နားထောင် ကြည့်သလောက်တော့ တိကျတဲ့ သက်သေအသေအထာက်အထား ဖော်ပြသွားတာတော့ မတွေ့ရဘူး၊ ဒီဖေ့စ်ဘွတ်အရေးအသားတွေအပေါ် စိစစ်မှုက နိုင်ငံတော်အပိုင်းပေါ့၊ မြန်မာနိုင်ငံ ပြည်တွင်းက အစိုးရရဲ့ အစိတ်အပိုင်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုကနေ ဆောင်ရွက်တာလည်းရှိသလို ဖေ့စ်ဘွတ်အဖွဲ့ ကိုယ်တိုင်ရဲ့ စိစစ်မှုတည်းဖြတ်မှုတွေလည်းရှိနေတာကို အဲတော့ ဘယ်ကိစ္စက ဘယ်အဖွဲ့အစည်းက ဆောင်ရွက်သလဲဆိုတာ ပြောဖို့ခက်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။"
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ ကတော့၊ လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ SMMT အပေါ် သူ့သဘောထားကို အခုလို မှတ်ချက်ပေးပါတယ်။
"အထူးသဖြင့်တော့ ကျနော်တို့က ပြည်သူလူထုဟာ စောင့်ကြည့်ခံနေရတယ်။ သူရဲ့ official မီဒီယာပေါ်မှာ ရေးသားချက်တွေ၊ အစိုးရပေါ်မှာ ဝေဖန်တာတွေ၊ ဒါတွေကို အစိုးရကပဲဖြစ်ဖြစ်၊ ဝန်ကြီးဌာနကပဲဖြစ်ဖြစ်၊ ကော်မတီတစ်ခုခုကပဲဖြစ်ဖြစ် အဲလိုစောင့်ကြည့်ခံနေရတယ်ဆိုရင် ပြည်သူလူထုမှာ လုံခြုံမှုမရှိတော့ဘူး၊ ငါတို့ပြောတာတွေကို ဘယ်ချိန်အရေးယူခံရမလဲဆိုတဲ့ အခြေအနေမျိုးဖြစ်ပြီးတော့ သူတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေပါတယ်။ အဲဒီအတွက် ဒီလို SMMT လိုဟာမျိုးတွေ ရှိကို မရှိသင့်တော့တာ ဖြစ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။"
လူမှုကွန်ရက် အသုံးပြုသူတွေကို အမြဲတမ်းစောင့်ကြည့်ပြီး ထိန်းချုပ်နေတဲ့ပုံစံထက် လူမျိုးရေး၊ ဘာသာရေး စတဲ့ ကိစ္စတွေအပေါ် အစွန်းရောက်တဲ့ လှုံ့ဆော်တဲ့ အရေးအသားတွေကို ကြည့်ပြီး ဥပဒေအရ အရေးယူမှုကသာ ပိုပြီး သင့်တော်မယ်လို့လည်း အရပ်ဘက်လူမူအဖွဲ့အစည်းတွေ က ထောက်ပြကြပါတယ်။
နည်းပညာနဲ့ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့ “ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီ” အဖွဲ့ MIDO Myanmar က အမှုဆောင် ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင်ကတော့ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတချိုနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ထားပါတယ်။
"ပိုက်ဆံတွေ အများကြီးကို ဘတ်ဂျတ်တွေနဲ့လျာထားတယ်။ ဒါပေမဲ့ အမှန်တကယ်ကျတော့လည်း မြေပြင်မှာပေါ့နော် ဘယ်လိုတွေလုပ်နေတယ်ဆိုတာတွေ ကျမတို့က သေချာမသိဘူး၊ ဘယ်လိုတွေ လုပ်နေတယ်၊ ဘယ်သူတွေကို ခန့်ထားတယ်၊ အဓိက ဘယ်လို ဆော့ဖ်ဝဲတွေ ဝယ်နေတယ်ဆိုတာ သေသေချာချာ ကျမတို့ မသိဘူး၊ မသိတဲ့အခါကျတော့ ပွင့်လင်းမြင်သာမှု မဖြစ်တဲ့ဟာကိုပဲ ကျမတို့က အဓိကပိုပြီးတော့ စိတ်ပူတဲ့ဟာတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေမှာလည်း ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေက ဒီလိုမျိုးတွေသာ လုပ်လေ့လုပ်ထ ရှိတယ်ဆိုတဲ့ သာဓကတွေ ကျမတို့ တွေ့ဖူးတယ်ရှင့်။ အဲဒါကြောင့်မို့ပါ။"
လူမှုကွန်ရက် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့ SMMT ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ အစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖဝါရီလ ၇ ရက်နေ့က သမ္မတရုံးက တရားဝင် ဖွဲ့စည်းခဲ့ပါတယ်။
နည်းပညာနဲ့ လိုအပ်တဲ့ စက်တွေဝယ်ယူဖို့ ငွေကျပ်သန်းပေါင်း ၆၄၀၀ ကျော်ကို သမ္မတ ရန်ပုံငွေကနေ အသုံးပြုခဲ့တာဟာ ဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိဆိုတာကို၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ လွှတ်တော်တွင်း မေးမြန်းခဲ့ရာမှာ၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က ဒီလိုသုံးစွဲတာဟာ ဥပဒေနဲ့ ညီညွတ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
ကြံ့ခိုင်ဖွံဖြိုးရေးပါတီက ဦးသောင်းအေး တင်သွင်းတဲ့အဆိုကို လွှတ်တော်အတွင်း ဘယ်တော့အသေးစိတ် ဆွေးနွေးငြင်းခုန်ကြမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။