နေပြည်တော် သက်ငယ်မုဒိန်းမှု ပထမဆုံးအကြိမ်ရုံးချိန်း
အများပြည်သူ စိတ်ဝင်စားနေတဲ့ နေပြည်တော်ကောင်စီနယ်မြေက Victoria အမှုကို ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။
-
2019-07-15 -
-
-
အများပြည်သူ စိတ်ဝင်စားနေတဲ့ နေပြည်တော်ကောင်စီနယ်မြေက Victoria အမှုကို ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။
ဒီအမှုမှာ မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆို စွပ်စွဲခံထားရသူဖြစ်တဲ့ Wisdom Hill မူကြိုကျောင်းက ယာဉ်မောင်း အောင်ကြီး( ခေါ် ) အောင်ကျော်မျိုး ကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာပါ။
နောက်ရုံးချိန်းကို ဇူလိုင် ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး ကလေးငယ်ကို ဖိအားမဖြစ်စေဖို့ တရားရုံးမှာ video conferencing ကို အသုံးပြုပြီး ဗီဒီယိုနဲ့သာ သီးသန့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ အဲဒီလို စစ်ဆေးတာဟာ မြန်မာနိုင်ငံမှာ ရှားရှားပါးပါး အမှုတချို့မှာသာ အသုံးပြုတာပါ။
ဒီအမှုမှာ တရားသူကြီး နှစ်ဦးထိုင်နဲ့ ခုံရုံးထိုင် စစ်ဆေးမှာဖြစ်ပြီး သက်သေတွေအဖြစ် ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် နဲ့ ဆရာမ နှင်းနု အပါအဝင် စုစုပေါင်း ၂၆ ဦးကို စစ်ဆေးသွားမှာဖြစ်ပါတယ်။
Victoria အမှုမှာ မိခင်ဖြစ်သူက တရားလိုလုပ်ပြီး မေလ ၁၇ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့တာပါ။
ဒီနေ့ တရားရုံးမှာ နှစ်ဘက်ရှေ့နေတွေက ကိုယ်စားလှယ်လွှဲစာ တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။
တရားလိုဘက်က တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်၊ ဦးမျိုးဇော်အောင် နဲ့ ဒေါ်လှဝင်းသန်း တို့က ရှေ့နေတွေအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး စွပ်စွဲခံရသူ အောင်ကြီး ဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေတွေအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ၊ ဒေါ်စုဒါလီအောင်၊ ဦးနေတူး၊ အထက်တန်းရှေ့နေ ဦးသဲမောင်မောင်တို့က ကိုယ်စားလှယ်လွဲှစာ တင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒက္ခိဏခရိုင် တရားရုံးက သတင်းပြန်ကြားရေး အရာရှိဖြစ်သူ ဒုတိယခရိုင် တရားသူကြီး ဒေါ်သီတာနွယ်က ဒီအမှုဟာ အများပြည်သူစိတ်ဝင်စားတဲ့ အမှုဖြစ်လို့ တရားသူကြီး နှစ်ဦးနဲ့ စစ်ဆေးတာလို့ ပြောပါတယ်။
လာမယ့် ဇူလိုင် ၂၄ ရက်နေ့မှာ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးပြုလုပ်သွားမှာဖြစ်သလို တရားလို ဘက်က အဆင်သင့်ဖြစ်ရင် အမှုကို စတင်စစ်ဆေးမယ်လို့ တရားသူကြီး ဒေါ်သီတာနွယ်က ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီနေ့မှာ အမှုကို ဘယ်အချိန်ကာလအတွင်းမှာ အပြီးသတ် စစ်ဆေးမလဲဆိုတာကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။
စွပ်စွဲဖမ်းဆီးခံထားရသူ ကိုအောင်ကြီးရဲ့ ဖခင်ဖြစ်သူ ဦးမြသိန်းက - သားဖြစ်သူကတော့ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ မတရား စွပ်စွဲခံရတယ်လို့သာ သတင်းမီဒီယာတွေကို ပြောပါတယ်။
ဒီနေ့ တရားရုံးကို လာရောက်စောင့်ကြည့်လေ့လာသူ ၁၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
Victoria လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ မေလ ၁၆ ရက်နေ့ဟာ ယာဉ်မောင်း အောင်ကြီး ခေါ် အောင်ကျော်မျိုး Wisdom Hill မူကြိုကျောင်းမှာ အလုပ်စဝင်တဲ့နေ့ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ ယာဉ်မောင်း အောင်ကြီး ခေါ် အောင်ကျော်မျိုးကို သက်ငယ်မုဒိမ်းမှုနဲ့ ဒက္ခိဏခရိုင်တရားရုံးက ဇူလိုင်လ ၄ ရက်နေ့က စွဲချက်တင်ခဲ့တာပါ။
မှုခင်းရဲတပ်ဖွဲ့ CID ရဲ့စစ်ဆေးပေါ်ပေါက်ချက်အရ သူ့ကို တရားစွဲတင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စွပ်စွဲခံရသူ ကိုအောင်ကြီးဟာ မေလ ၃ဝ ရက်နေ့က တစ်ကြိမ် ဖမ်းဆီးခံခဲ့ရပြီး CID က စစ်ဆေးပြီးတဲ့နောက် အမှုပေါ်ပေါက်ခြင်းမရှိလို့ဆိုပြီး ဇွန်လ ၂၄ ရက်နေ့က ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
ဒီအမှုကို စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေကြတဲ့ အများပြည်သူကတော့ တရားခံအစစ်အမှန်ကိုသာ ဖမ်းဆီးစေချင်ပြီး ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်စေလိုတယ်လို့ ပြောကြပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)