ယင်းမာပင်မြို့နယ်က ကျေးရွာတွေမှာ စစ်တပ်စခန်းချနေလို့ ရွာလုံးကျွတ်တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှာ စစ်ကောင်စီအဖွဲ့ဝင် ၈၀ လောက် ဒီကနေ့ မေလ ၁၈ ရက်နေ့ နေ့လယ်က ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းထဲမှာ စခန်းချနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ရွာသူ၊ ရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက်ပိုင်းက ကပိုင်ကျေးရွာကနေ ထွက်ခွာလာတာဖြစ်ပြီး လတ်တလောမှာတော့ ရင်ပေါင်တိုင်ရွာက မကျည်းရုံကျောင်းတိုက်မှာ တပ်စွဲနေတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
"အခု ရွာထဲမှာ ကြက်တွေ ဖမ်းချက်စားနေတယ်။ ဆင်စွယ်ရွာတို့ လက်ကပြားရွာတို့မှာလည်း မွှေခဲ့တယ် ကြားတယ်။ ရွာကိုလည်း မွှေမယ်ဆိုလို့ တောတွေထဲ ရှောင်နေကြရတယ်။"
စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်မှာ စိတ်ပူတဲ့အတွက် ရင်ပေါင်တိုင်ကျေးရွာအုပ်စုထဲက အေးကုန်းရွာ၊ ညောင်တန်းရွာ အပါအဝင် ရွာပေါင်း လေးရွာလောက်က ဒေသခံ ရာဂဏန်းလောက် တိမ်းရှောင်နေကြရ တာပါ။
ယင်းမာပင်ခရိုင်အတွင်းက ကနီမြို့နယ်နဲ့ ကပိုင်ကျေးရွာတွေက ရိုးရာသေနတ်တွေ ဖြစ်တဲ့ တူမီးသေနတ်တွေ နဲ့ စစ်ကောင်စီကို ပြန်လည် ခုခံတဲ့ဒေသတွေ ဖြစ်ပါတယ်။
မနေ့က မေလ ၁၇ ရက်နေ့ကလည်း ကပိုင်ကျေးရွာမှာ စစ်ကောင်စီက အစည်းခေါ်တာကို တက်ရောက်သူ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။