ပဲခူးတိုင်း ဝေါမြို့နယ်မှာ ဒေသခံငါးဆယ်နီးပါး ဖမ်းဆီးခံရ

RFA Burmese
2024.01.26
ပဲခူးတိုင်း ဝေါမြို့နယ်မှာ ဒေသခံငါးဆယ်နီးပါး ဖမ်းဆီးခံရ ပဲခူးတိုင်း၊ ဝေါမြို့နယ် အဝင်တစ်နေရာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဥ်။
RFA

ပဲခူးတိုင်းအရှေ့ခြမ်း ဝေါမြို့နယ်ကကျေးရွာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၄ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး လူ ငါးဆယ်နီပါးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲနဲ့ ပျူစောထီးတွေအပါအဝင် အင်အားတစ်ရာကျော် လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဝေါမြို့နယ်က ဆင်ရွာ၊ အညာစုရွာနဲ့ အဝိုင်းပါတ်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်၊ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာသား ငါးဆယ်နီးပါးကို ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“PDF တွေကို ထောက်ပံ့တယ်၊ သတင်းပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသွားကြတာ။ အခုထိ သတင်းမရသေးတော့ မိသားစုဝင်တွေလည်း စိတ်ပူနေတယ်။ စစ်ကြောင်းထိုးတဲ့အချိန် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်းရှိခဲ့လို့ အဲဒီရွာတွေနဲ့ နီးစပ်တဲ့ရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေပါ”

လုံခြုံရေးအခြေအနေနဲ့ ဖုန်းဆက်သွယ်ရ ခက်ခဲတာကြောင့် အဖမ်းခံထားရသူတွေရဲ့ အမည်၊ အသက်အရွယ်နဲ့ အသေးစိတ်အချက်အလက်တွေကို အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးသွားတာဖြစ်ပြီး အခုချိန်ထိ သတင်းအစအန မရသေးဘူးလို့ အမည်မဖော်လိုတဲ့ ဝေါမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“လတ်တလော အဲဒီရွာတွေနားမှာ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ စစ်ကြောင်းထိုးပြီး ရွာသားတွေကို ဖမ်းသွားတာ။ ဖမ်းခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းအထိ ဘယ်ကိုဖမ်းသွားပြီး ဘယ်မှာထား တယ်ဆိုတာ သတင်းအစအန မရသေးဘူး”

စစ်ကြောင်းထိုးလာချိန်မှာ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ဝေါမြို့နယ် အညာစုရွာက အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ စစ်တောင်းမြစ်တစ်ဖက်ကမ်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဝင်းကံရွာက အသက် နှစ်ဆယ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကြောင်းထိုးပြီး ပြန်ထွက်သွားချိန်မှာလည်း အညာစုရွာနဲ့ အဝိုင်းပတ်ရွာကို ဆက်သွယ်ထားတဲ့ သစ်သားတံတားကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။