ရခိုင်မှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံးကြောင်း မြောက်ပိုင်းမဟာမိတ် ထုတ်ပြန်

RFA Burmese
2024.01.25
ရခိုင်မှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံးကြောင်း မြောက်ပိုင်းမဟာမိတ် ထုတ်ပြန် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇန်ဝါရီလ ၂၃ နဲ့ ၂၄ ရက်၊ နှစ်ရက်အတွင်း ဒေသခံ လေးဦး သေဆုံးခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီမြို့နယ်တွေမှာ နှစ်ရက်အတွင်း ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံ ဆယ်ဦးကျော် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင် ရိုဟင်ဂျာရွာမှာ ဇန်နဝါရီလ ၂၃ ရက်နေ့ ညက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ကလေးသုံးဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး နှစ်ဦး အပါအဝင် ရွာသား ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ရေးသားထားပါတယ်။

အလားတူ မင်းပြားမြို့နယ် သဲတန်းရွာမှာလည်း စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောပေါ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လည်း ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ မောရဝတီဗျူဟာကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကိုင်းကြီးရွာက အသက် ၁၅ နှစ် အရွယ် မိန်းကလေး တစ်ဦးနဲ့ အသက် ဆယ်နှစ် အရွယ် ယောကျာ်းလေး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာတော့ ဘူးသီးတောင်မြို့နယ် မောင်နှမပုလဲတောင် ရိုဟင်ဂျာရွာက ထိခိုက်၊ သေဆုံးမှုဟာ ရက္ခိုင့်တပ်တော် (AA) ကြောင့် ဖြစ်တာလို့ စွပ်စွဲထားပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ အရပ်သား ရှစ်ဆယ်ကျော် သေဆုံးခဲ့ပြီး နှစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။