ဆီဆိုင်မှာ လက်နက်ကြီးကြောင့် သေဆုံးသူ ခုနစ်ဦးအထိ ရှိလာ
ဆီဆိုင်မြို့ပေါ်ကို စစ်ဘေးဒုက္ခသည်တွေကို လက်နက်ကြီးကျည်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသူ ခုနစ်ဦးအထိ ရှိလာပါတယ်။
-
RFA Burmese
2024-02-19 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်ကို လိုအပ်တဲ့ပစ္စည်းတွေယူဖို့ ပြန်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၆ နာရီဝန်းကျင်က လက်နက်ကြီးကျည်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသူ ခုနစ်ဦးအထိ ရှိလာတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ဖေဖော်ဝါရီလ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကားနဲ့ပြန်လာတဲ့ ပြည်သူတွေကို ဆီဆိုင်မြို့နဲ့တဆက်တည်း ဝါးတောရွာအနီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအပြင် ဒဏ်ရာအပြင်းအထန်ရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတာလို့ PNLA က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၁၈ ရက်ကလည်း ဆိုက်ခေါင်အရှေ့ဘက်မှာရှိတဲ့ နေရာတွေကို လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။ ဒီအပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးနဲ့ အကြိမ် ၆၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁,၄၂၉ ဦး သေဆုံးပြီး ၂,၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။