လေဖိအားနည်းရပ်ဝန်းကြောင့် ပြည်နယ်နဲ့ တိုင်း ၇ ခုမှာ မိုးကြီးနိုင်
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
-
2018-08-20 -
-
-
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မုတ်သုံအားကောင်းနေပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်မို့လို့ မုတ်သုံအင်အားကောင်းလာမှာပေါ့နော်၊ ကမ်းရိုးတန်းတွေမှာတော့ ဒီရက်ပိုင်း မိုးအနည်းငယ် ပိုနေဦးမှာပေါ့နော်၊ အဓိကတော့ ကမ်းရိုးတန်းဒေသတွေမှာ မုတ်သုံအားကောင်းတဲ့ အတွက်ကြောင့် မိုးပိုနေဦးမယ်ပေါ့နော်၊ ကမ်းရိုးတန်းဖြစ်တဲ့ ရခိုင်၊ ရန်ကုန်၊ ဧရာ၊ ပဲခူး၊ မွန်၊ ကရင် တနင်္သာရီ ပေါ့နော်"
မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ ကရင် နဲ့ မွန် စတဲ့ ပြည်နယ်နဲ့ တိုင်း ၇ ခုမှာ မနက်ဖြန် မနက်ပိုင်း အထိ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
လေပြင်းတိုက်ခတ်တာ၊ မိုးခြိမ်းတာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ မိုးသည်းထန်တာနဲ့ လေဆင်နှာမောင်း တိုက်ခတ်တတ်တာတွေကို ဖြစ်ပေါ်စေတတ်တဲ့ မိုးတိမ်တောင်ဖြစ်ဖို့ အလားအလာတွေဟာ မကွေး၊ မန္တလေး နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ဖြစ်နိုင်ခြေ ၆၅% ကနေ ၇၅% ခန့်ရှိတယ်လို့လည်း မိုးလဝသပညာရှင် ဦးထွန်းလွင် က ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေအနေနဲ့ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အညွှန်းကိန်းမြင့်မားနေကာ ကချင်ပြည်နယ်က လွန်ကဲအဆင့်မှာ ရှိနိုင်ပြီး ကျန်တဲ့ဒေသတွေမှာ အလွန်မြင့်မားတဲ့အဆင့် ရှိနိုင်တယ်လို့လည်း ဦးထွန်းလွင် က ခန့်မှန်းထားပါတယ်။
မြစ်ရေတွေအနေနဲ့တော့ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့နဲ့ သံလွင်မြစ်ရေဟာ ဘားအံမြို့တွေရဲ့ စိုးရိမ်ရေမှတ်တွေ အထက်ကို ကျော်လွန်နေတယ်လို့ မိုးဇလက ကြေညာထားပါတယ်။
အဲဒါကြောင့် ဘားအံမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ မြစ်ရေကြီးမှု ဘေးအန္တရာယ် ကနေ ကင်းလွတ်ရာကို ရှောင်ရှားကြဖို့အပြင် မဒေါက်မြို့၊ ဟင်္သာတ နဲ့ ဇလွန်မြို့နယ်တွေအတွင်းက မြစ်ကမ်း အနီး နဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။