စူပါတိုင်းဖွန်း မုန်တိုင်းအရှိန်ကြောင့် မြန်မာမှာ မိုးကြီးနိုင်
ပစိဖိတ်သမုဒ္ဒရာမှာဖြစ်နေတဲ့ စူပါတိုင်းဖွန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်းကို လေဖိအားနည်း ရပ်ဝန်းအနေနဲ့ စက်တင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
-
2018-09-15 -
-
-
ပစိဖိတ်သမုဒ္ဒရာမှာဖြစ်နေတဲ့ စူပါတိုင်းဖွန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်းကို လေဖိအားနည်းရပ်ဝန်းအနေနဲ့ စက်တင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာပါ မိုးရွာနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။
"လက်ရှိအနေထားကတော့ မြန်မာနိုင်ငံ အရှေ့ပိုင်းကို အဖျားခတ်နိုင်တာပေါ့။ အဖျားခတ်တယ်ဆိုတာကတော့ အလွန်ဆုံးအဆင့် လေဖိအားနည်းရပ်ဝန်းအနေနဲ့ ရောက်လာနိုင်တယ်။ ရှမ်းပြည်တို့ မြန်မာနိုင်ငံ အလယ်ပိုင်းတို့ ဘာတို့တွေကိုတော့ မိုးရနိုင်တယ်။ ရှမ်းပြည်နယ်တစ်ခုလုံးပေါ့။ နောက် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတို့ အဲလောက်ပါပဲ။ သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးတော့ မရှိဘူးပေါ့ "
အဲဒီမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့ မိုးရွာပြီး ဒေသအလိုက် မိုးကြီးနိုင်တာကြောင့် ရေလှောင်တမံတွေ၊ ဆက်စပ်အဆောက်အဦတွေ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါး၊ တာတမံတွေကို ရေကြီးမှုကနေ ကာကွယ်နိုင်အောင် အထူးအလေးထား ကြိုတင်ပြင်ဆင်ဖို့ ဆည်မြောင်းဌာနကလည်း အသိပေးထုတ်ပြန်ထားပါတယ်။
မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က မုန်တိုင်းဟာ စက်တင်ဘာ ၁၆ ရက်မှာ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းနဲ့ ဟောင်ကောင်ကျွန်းတွေကြားကနေ ဖြတ်ကျော်ပြီး မြန်မာနိုင်ငံကို လေဖိအားနည်း ရပ်ဝန်းအနေနဲ့ စက်တင်ဘာ ၁၈ ရက်မှာ ဝင်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။